အမေရိကန်က သတ်မှတ်ထားလိုက်သည့်  ခရီးသွားလာရန် အန္တရာယ်အရှိဆုံး နိုင်ငံပေါင်း (၂၁)နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်

အမေရိကန်က သတ်မှတ်ထားလိုက်သည့်  ခရီးသွားလာရန် အန္တရာယ်အရှိဆုံး နိုင်ငံပေါင်း (၂၁)နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်

 အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ အသိပေးကြေညာလိုက်သည့် ခရီးသွားပြည်သူများ မသွားလာသင့်သည့် အန္တရာယ်အရှိဆုံး အနီရောင်အဆင့် အဆင့်(၄)အဖြစ် သတ်မှတ်ထားသည့် နိုင်ငံပေါင်း (၂၁)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်နေသည်။



မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ကြရန် အန္တရာယ်အရှိဆုံး အနီရောင်အဆင့် (အဆင့် ၄) အဖြစ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ပြီး  ခရီးသွား အကြံပြုချက်အသစ်ကို  ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းရေး မငြိမ် မသက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အာဏာသိမ်းစစ်အုပ်စုက ဥပဒေများကို အာဏာရှင်ပီပီ စိတ်တိုင်းကျ အသုံးချနေခြင်းကြောင့် ထိုနိုင်ငံသို့ ခရီးမသွားကြရန် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ အကန့်အသတ်ရှိခြင်း သို့မဟုတ် မလုံလောက်ခြင်း၊ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်ကျန် လက်နက်ကြီးများရှိသည့် နေရာများကြောင့်လည်း မြန်မာနိုင်ငံသို့ ခရီးသွားခြင်းကို ပြန်လည်သုံးသပ်ရန် အမေရိကန်နိုင်ငံခြား‌ရေး ဝန်ကြီးဌာနက အသိပေးထားခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အုပ်စုက မတရား ဖမ်းဆီးထိန်းသိမ်းမှုများ ရှိနေသောကြောင့် ပိုမိုသတိထားရန်လည်း အကြံပြုထားသည်။

မြန်မာစစ်အုပ်စုက ‌၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ လ (၁) ရက်နေ့တွင် အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ဘေးကနေ ရပ်ကြည့်နေသူများကိုပါ လူသေဆုံးသည်အထိ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။

 Consular Affairs

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ထုတ်ပြန် အသိပေးထားသည့်  ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ရန် အန္တရာယ်အရှိဆုံး အနီရောင်အဆင့် (အဆင့် ၄) သတ်မှတ်ထားသည့် နိုင်ငံများတွင် အာဖကန်နစ္စတန်၊ ဘီလာရုဇ်၊ ဘာကီးနားဖားဆို၊ မြန်မာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ(CAR)၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)၊ ဟေတီ၊ အီရန်၊ အီရတ်၊လက်ဘနွန်၊ လစ်ဖျား၊ မာလီ၊ မြောက်ကိုရီးယား၊ ရုရှား၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း၊ ဗင်နီဇွဲလား နှင့် ယီမင် စသည့် နိုင်ငံပေါင်း (၂၁)နိုင်ငံ ပါဝင်သည်။