မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ ပေးထားသည့်  ထိုင်းလျှပ်စစ်မီးကို ပြန်လည် ဖြတ်တောက်ရန် စိန်ခေါ်မှုများရှိနေဟု PEA ဆို

မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ ပေးထားသည့်  ထိုင်းလျှပ်စစ်မီးကို ပြန်လည် ဖြတ်တောက်ရန် စိန်ခေါ်မှုများရှိနေဟု PEA ဆို
ဖေဖော်ဝါရီ 2, 2025 | နိုင်ငံတကာသတင်း

 မြန်မာနိုင်ငံ နယ်စပ်မြို့များရှိ  တရားမဝင်လုပ်ငန်းများ( ကျားဖြန့်)၌ သုံးစွဲနေသည်ဟု ယူဆရသည့်အတွက် ထိုင်းလျှပ်စစ်ဓါတ်အားကို ပြန်လည်  ဖြတ်တောက်ရေး ထိုင်းလုံခြုံရေးတာဝန်ရှိသူများထံ ပြည်ထဲရေးဝန်ကြီး၏ တောင်းဆိုချက်အား ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့Provincial Electricity Authority (PEA)က ခုခံကာကွယ်ပြောဆိုလိုက်သည်။

ဝန်ကြီး Anutin Charnvirakul က အမျိုးသားလုံခြုံရေးကောင်စီထံ ပေးပို့သည့် တောင်းဆိုချက်နှင့်ပတ်သက်၍ ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့(PEA)၏ ဥက္ကဌလည်းဖြစ်ပြီး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ်သူ Ansit Samphantarat က တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီး Anutin ၏ တောင်းဆိုချက်အရ PEA က လျှပ်စစ်ဓါတ်အားပေးပို့နေသည့် မြန်မာနိုင်ငံတွင်း နေရာ (၅)ခုအနက် တရားမဝင်လုပ်ငန်းများအတွက် ဓါတ်အားသုံးစွဲနေသည်ဟု ယူဆရသည့်နေရာများကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်ရေးတွင် အဆိုပါဒေသတွင်း ဓါတ်အားသုံးစွဲသူနှင့် စီးပွားရေးလုပ်ငန်းများအပေါ် မထိခိုက်စေမည့် နည်းလမ်းကို ရှာဖွေရေးမှာ စိန်ခေါ်မှုဖြစ်နေကြောင်း PEA ဥက္ကဌက တုန့်ပြန်ထားသည်။

ယင်းအပြင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအား ဓါတ်အားဖြန့်ဖြူးရေးမှာ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အစိုးရမူဝါဒဖြစ်ကြောင်းလည်း PEA ဥက္ကဌက တုန့်ပြန်ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်မှာ ပြည်တွင်းလုံခြုံရေးအတွက်ဖြစ်ပြီး တစ်စုံတစ်ရာဆုံးဖြတ်လုပ်ကိုင်မှုများ မဆောင်ရွက်မီ ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိနေသည့် PEA အနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များထံမှ သတင်းအချက်အလက်များ ရရှိရန်လိုအပ်သည်ဟု ဖေါ်ပြထားသည်။

"ဒါက PEA နဲ့ ဝန်ကြီးဌာနရဲ့ ပုံမှန်လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အပြီးမှာ နောက်ထပ်ဆောင်ရွက်ချက်တွေ ထည့်သွင်းစဉ်းစားဖို့ အချက်အလက်တွေ ရှာဖွေရပါတယ်"ဟု PEA ဥက္ကဌက ဆိုထားသည်။

မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်လုပ်ငန်းများ၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များနှင့် လူကုန်ကူးမှုများ လုပ်ကိုင်နေသည့်နေရာများက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နယ်စပ်ဖြတ်ကျော်ရယူသုံးစွဲနေမှုကို ဟန့်တားရေးတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အစိုးရအဖွဲ့က ပြီးခဲ့သည့်နှစ် မေလ (၁၄)ရက်နေ့က ဆုံးဖြတ်ခဲ့မှုကို ရည်ညွှန်းပြောကြားခဲ့သည်။

ယင်းကိစ္စများမှာ အကဲဆတ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံရရှိရန် လိုအပ်သည်ဟု PEA ဥက္ကဌက ဆိုထားသည်။ 

သို့အတွက် PEA က အေဂျင်စီ (၂၅)ခုမှ ကိုယ်စားလှယ်များနှင့် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် တွေ့ဆုံသွားရန် ဖိတ်ကြားထားပြီးဖြစ်သည်ဟု ဆိုထားသည်။

PEA ဥက္ကဌ၏ တောင်းဆိုချက်အရ အိမ်နီးချင်းနိုင်ငံမှ မည်သည့်နေရာကို ထိုင်းနိုင်ငံအတွက် အန္တရာယ်ရှိကြောင်း သတ်မှတ်ပြောဆိုရန် အခွင့်မရှိကြောင်း အမျိုးသားလုံခြုံရေးကောင်စီက ပြောကြားထားသည်။

လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး လျှပ်စစ်မီးကို တရားမဝင်လုပ်ငန်းများတွင် အသုံးပြုနေပါက စာချုပ်ပါအလက်ချက်များကို ဖောက်ဖျက်ခြင်းကြောင့် စာချုပ်ကို ရုတ်သိမ်းပြီး လျှပ်စစ်မီး ဖြတ်တောက်နိုင်ကြောင်းလည်း ပြောကြားထားသေးသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို မြန်မာနိုင်ငံ  တာချီလိတ်မြို့ နှင့် မြဝတီ မြို့အပါအဝင် နေရာ (၅)နေရာကို တဆင့်ပြန်လည် ဖြုန့်ဖြူးခွင့်ပေးထားကြောင်း သိရသည်။ 

Source: Bangkokpost