ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသား ၆၁ ဦးကို BGF က ထိုင်းအစိုးရထံ ပထမအသုတ်လွှဲပြောင်း

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသား ၆၁ ဦးကို BGF က ထိုင်းအစိုးရထံ ပထမအသုတ်လွှဲပြောင်း

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့ BGF ဌာနချုပ် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရသည့် နိုင်ငံခြားသား (၆၁)ဦးကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)က အမှတ်(၂)တံတားမှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည်ဟု The Reporters က ဖော်ပြသည်။ 

အဆိုပါ နိုင်ငံခြားသား (၆၁)ဦးကို ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့က လက်ခံပေးခဲ့ပြီး ၎င်းတို့အား သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ပို့ပေးမည်ဟု သိရသည်။ 

ပြန်ပို့ပေးသည့် နိုင်ငံခြားသား(၆၁)ဦးမှာ တရုတ်နိုင်ငံသား(၃၉)ဦး၊ အန္ဒိယနိုင်ငံသား(၁၃)ဦး၊ ကာဇက်စတန်နိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံ သား(၅)ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသား တစ်ဦးတို့ ပါဝင်သည်။

၎င်းတို့အထဲတွင် အမျိုးသား(၅၄)ဦးနှင့် အမျိုးသမီး(၇)ဦးပါဝင်သည်ဟု သိရသည်။

ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့် (အွန်လိုင်းလိမ်လည်ဂိုဏ်း)များထံ ရောက်ရှိနေသူများအား တစ်လလျှင် လူ(၁,၀၀၀)နှုန်း ပြန်လွှဲပေးမည်ဟု နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က Tachileik News Agency ကို ယမန်နေ့က ပြောဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo:The Reporters