ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်(ဟောင်း) ကိုမင်းမင်းဇော်သည် ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
ကိုမင်းမင်းဇော်သည် အသည်းခြောက်ပြီး ဝမ်းဗိုက်ရေဖျဥ်းစွဲဝေဒနာခံစားနေရကာ ပြီးခဲ့သည့်ရက်ပိုင်းက ဆေးကုသရန်ခက်ခဲနေသဖြင့် တော်လှန်ရေးမိတ်ဆွေများထံ ဆေးကုနိုင်ရန် အကူအညီများတောင်းခံရသည်။
ကိုမင်းမင်းဇော်သည် ၂၀၁၅ ခုနှစ် ပညာရေးသပိတ်အဖွဲ့ဝင်လည်းဖြစ်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးလည်းဖြစ်ကာ လက်ရှိတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်တစ်ဦးလည်းဖြစ်သည့်အပြင် မြူမိုးဆောင်း အမည်ဖြင့်လည်း ကဗျာစာပေများ ရေးသားခဲ့သူဖြစ်သည်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအတွင်း ပါဝင်လာသည့် လူငယ်များဖြင့်ဖွဲ့စည်းထားကြောင်း ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ ကိုကျော်ကိုကိုက ပြောဆိုထားသည်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးနှင့် လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်၍ တော်လှန်ရေးဆင်နွှဲနေခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်အရင်းရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ မဟာဖိုကြီးစိုးရေးဝါဒတို့ကို ရန်သူကြီးလေးရပ်အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။
#TachileikNewsAgency