နေအိမ်မီးလောင်မှုအတွင်း ကလေး(၃)ဦးကို အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့သည့် ဖခင် မီးလောင်သည့် နေရာတွင် သေဆုံး

Photo: Lampang Variety 
Photo: Lampang Variety 
နေအိမ်မီးလောင်မှုအတွင်း ကလေး(၃)ဦးကို အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့သည့် ဖခင် မီးလောင်သည့် နေရာတွင် သေဆုံး
ဖေဖော်ဝါရီ 3, 2025 | နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းပန်းမြို့တွင် နေအိမ်မီးလောင်မှုအတွင်း ထိုင်းလူမျိုး ဖခင် တစ်ဦးက ၎င်း၏ ကလေး(၃)ဦးကို အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့သော်လည်း ၎င်းကိုယ်တိုင်မှာ မလွတ်မြောက်နိုင်တော့ဘဲ အသက်စတေးသွားခဲ့ရကြောင်း သိရသည်။

မီးလောင်သည့် ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့ နေ့လယ် (၁) နာရီဝန်းကျင်အချိန်က ဘတ်ခမဲ့ သားငါးဈေး  မျက်နှာချင်းဆိုင်ရှိ အထပ် (၃) ထပ်ပါ အဆောက်အအုံတွင် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး မီးလောင်သည့် အကြောင်းအရင်းမှာ ကွန်ပျူတာကနေ တဆင့် မီးလောင်ခြင်း ဖြစ်သည်ဟု သိရသည်။

 Lampang Variety

မီးလောင်မှု ဖြစ်ပွားသည့် နေရာမှာ ဈေးဆိုင်များနှင့် လူနေအဆောက်အအုံများ ပြည့်ကျပ်ထူထပ်ကာ မီးကူးစက်နိုင်ခြေရှိသော နေရာလည်းဖြစ်ပြီး နေအိမ်၏ ဒုတိယအထပ်တွင် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားသည့် အဆောက်အအုံ ပထမထပ်တွင် မီနီမတ်ကက်ဖွင့်ထားပြီး အပေါ်ထပ် (၂) ထပ်တွင် အသက် (၅၂) နှစ်အရွယ် အဆောက်အအုံ ပိုင်ရှင် Chatchai နှင့် ၎င်း၏ အသက် (၈) နှစ်နှင့် (၁၂) နှစ်ကြားအရွယ်ရှိ  ကလေး (၃) ဦးတို့ နေထိုင်ကြသည်။ 

မီးလောင်မှုဖြစ်စဉ်အတွင်း အသက် (၅၂) နှစ်အရွယ် အဆောက်အအုံ ပိုင်ရှင် Chatchai သည် ၎င်း၏ ကလေး(၃)ဦးကို မီးလောင်သည့် နေရာကနေ အဆောက်အအုံ အပေါ်ဆုံး ခေါင်မိုးပေါ် ရောက်အောင် နီးစပ်ရာအထိ လိုက်လံပို့ဆောင် လမ်းညွှန်ပြီးနောက် ၎င်းမှာ အခန်းအတွင်းကျန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးများ၏ ပြောကြားမှုအရ ၎င်းတို့၏ ဖခင်က ဘေးကင်းရာ ခေါင်မိုးပေါ်သို့ ပြေးရန် ပြောခဲ့သော်လည်း ၎င်းက လိုက်မလာခဲ့ကြောင်း  နှင့် ၎င်းတို့က ကွန်ပျူတာသုံးနေစဥ် ကွန်ပျူတာကနေ မီးပွင့်လာသည်ကို သတိပြုမိပြီး  မီးပွင့်လာမှုကနေ လျင်မြန်စွာဖြင့် မီးတောက်လောင်ကာ မီးခိုးမည်းများ ထွက်ပေါ်လာသည့်အတွက် ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

 မီးသတ်တပ်ဖွဲ့က မီးလောင်မှုကို ထိန်းချုပ်ပြီးနောက် အဆောက်အအုံကို စစ်ဆေးခဲ့ရာ ကလေးများ၏ ဖခင် Chatchai ကို ဒုတိယထပ်တွင် သေဆုံးလျက်သား တွေ့ကြရသည်။

Chatchai ၏ လက်မောင်းများတွင် မီးလောင်ဒဏ်ရာများကိုလည်း တွေ့ရပြီး ၎င်းမှာ မီးခိုးမွန်းကျပ်မှုကြောင့် သေဆုံးခဲ့သည်ဟု ယူဆထားသည်။ 

Souorce: TheThaiger