တာချီလိတ်၊ မြဝတီ နှင့် ဘုရားသုံးဆူ ဒေသများကို ပေးထားသည့် လျှပ်စစ်မီးများအား ဖေဖော်ဝါရီလ(၅)ရက်နေ့ကစပြီး ထိုင်းဘက်က ဖြတ်တောက်မည်

တာချီလိတ်၊ မြဝတီ နှင့် ဘုရားသုံးဆူ ဒေသများကို ပေးထားသည့် လျှပ်စစ်မီးများအား ဖေဖော်ဝါရီလ(၅)ရက်နေ့ကစပြီး ထိုင်းဘက်က ဖြတ်တောက်မည်

 ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ကရင်ပြည်နယ် မြဝတီမြို့နှင့် မွန်ပြည်နယ် ဘုရားသုံးဆူမြို့တို့ကို ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့ နံနက် (၉)နာရီမှ စတင်ကာ လျှပ်စစ်ဓါတ်အား၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီတင်ပို့မှုများ ရပ်တန့်မည်ဟု သိရသည်။

မြန်မာ - ထိုင်းနယ်စပ်တလျှောက် မြန်မာနိုင်ငံဘက်ရှိ ကျားဖြန့်လုပ်ငန်းနေရာများ အတွက်ပါ လျှပ်စစ်မီးကို အသုံးပြုနေသည့် အတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓါတ်အားပေးပို့ခြင်းကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို   ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင်  ပြုလုပ်ပြီး ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ကို ပေးပို့ထားသည့် နေရာနှစ်ခု၊ မွန်ပြည်နယ် ဘုရားသုံးဆူဒေသ၊ ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်းမှ နေရာနှစ်ခုတို့ကို ပေးပို့ထားခြင်းဖြစ်သည်။



ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ပေးပို့နေသည့် လျှပ်စစ်ဓါတ်အားကို အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)အပါအဝင် ဆက်စပ်ပြစ်မှုကျူးလွန်သည့်နေရာများအတွက် အသုံးပြုနေသည့် အချက်အလက်များအရ ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။

ဒုဝန်ကြီးချုပ်က အရေးပေါ်ခေါ်သည့် နိုင်ငံတော်လုံခြုံရေးအစည်းအဝေးသည် တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြရပြီးနောက် ထိုင်းနိုင်ငံသားများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓါတ်အား၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းတာဝန်ရှိသူများအနေဖြင့် မြန်မာဘက်ရှိ နေရာ (၅)ခုတွင် ယင်းကဲ့သို့ဖြတ်တောက်မည့်အကြောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်အသိပေးပြီးဖြစ်ကြောင်း သိရသည်။

 

source: 3plus news