ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် COVID 19 ပိုးတွေ့ ရာခိုင်နှုန်း (ဝ.၆၅)ရှိနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့အထိ COVID 19 စစ်ဆေးသူ (၁၄,၆၄၀) ရှိသည့်အနက် ပိုးတွေ့သူ စုစုပေါင်း (၉၆)ဦး ရှိသဖြင့် ပိုးတွေ့ရာခိုင်နှုန်း (ဝ.၆၅)ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၅)ရက်နေ့အထိ ကာလအတွင်း RDT ဖြင့် စစ်ဆေးခဲ့သူပေါင်း (၉,၉၀၀) ဦးတွင် ပိုးတွေ့သူပေါင်း (၈၁)ဦးရှိခဲ့ပြီး RT-PCR (ဓာတ်ခွဲဌာနသို့ ဓာတ်ခွဲနမူနာပို့စစ်ခြင်း) ဖြင့် စစ်ဆေးသူ (၄,၇၄၀) တွင် ပိုးတွေ့သူ (၁၅)ဦးရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် ယခင်က အခြားဒေသများမှ လာရောက်သူများကိုသာ COVID 19 ပိုး စစ်ဆေးတွေ့ရှိရာမှ နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ တာချီလိတ်မြို့နယ်တွင် ဒေသတွင်း ကူးစက်မှုအဖြစ် စတင်တွေ့လာရပြီး ဒီဇင်ဘာလ (၆) ရက်နေ့၌ မိုင်းယောင်းမြို့နယ်တွင် ဒေသတွင်း ကူးစက်မှုကို စတင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဒေသတွင်းကူးစက်မှု စတင်တွေ့ချိန်မှစ၍ နေ့စဉ် အတည်ပြုလူနာဦးရေ တိုးလာနေရာ ဒီဇင်ဘာလ (၆) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၄) ဦးတွေ့ရှိထားပြီး ကုသမှုခံယူဆဲ အတည်ပြုလူနာ (၈၆)ဦးရှိနေခြင်းဖြစ်သည်။
ဒေသတွင်း ကူးစက်ပြန့်ပွားမှုမှာ မြင့်မားလျက်ရှိသည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား အတိအကျ လိုက်နာရန် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)က တိုက်တွန်းသတိပေးထားသည်။
COVID 19 ကူးစက်မခံရစေရန် လက်ကို မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ဖြစ်နိုင်သမျှ မိမိတို့နေအိမ်တွင်သာ နေထိုင်ခြင်း၊ မလွှဲမရှောင်သာ အပြင်ထွက်ရပါက Mask ကို တောက်လျှောက်တပ်ဆင်ထားရန် ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားခြင်းဖြစ်သည်။
Tachileik News Agency
infographic: ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရှမ်း/ရှေ့)