တောင်ကြီးမြို့မှ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ စစ်တပ်၊ရဲတို့နှင့်ပေါင်းပြီး လက်နက် အရောင်းအဝယ် ပြုလုပ်နေ

တောင်ကြီးမြို့မှ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ စစ်တပ်၊ရဲတို့နှင့်ပေါင်းပြီး လက်နက် အရောင်းအဝယ် ပြုလုပ်နေ
ဖေဖော်ဝါရီ 2, 2025 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် စစ်တပ်၊ရဲတပ်ဖွဲ့တို့နှင့်ပေါင်း၍ လက်နက် အရောင်းအဝယ် ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

"ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက သေနတ်လိုချင်သူတွေကို တစ်လက်ကို ကျပ်သိန်း (၁၀၀)ကနေ (၁၂၀) ဝန်းကျင်နဲ့  ရောင်းပေးနေတယ်။ သူအဲဒီလို လက်နက်အရောင်းအဝယ်လုပ်နေတာ အတော်ကြာပြီလို့ သိထားရတယ်။ သူက ရဲနဲ့ စရဖကိုလည်း အတော်ပိုင်တဲ့သဘောပဲ။ သူပြောရင် ပြီးတယ်ဆိုတဲ့ အထာမျိုးပေါ့ဗျာ။ သူ ဘာလုပ်လုပ် အရေးယူခံရတာမျိုးမရှိသလို သူ့ကို အရေးမယူရဲဘူးလို့တောင် သိထားရတယ်။ အဲဒါကြောင့် သူက လက်နက်အရောင်း အဝယ်အထိ တိုးချဲ့လုပ်နေတာပေါ့"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူက Tachileik News Agency သို့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြောသည်။

ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကိုယ်တိုင် လက်နက်ရောင်းချနေသည်ကို စစ်ကောင်စီတပ်ဘက် စရဖ နှင့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးတို့ကိုယ်တိုင်  သိရှိသည့်အပြင် အချို့အရောင်းအဝယ်များတွင် ၎င်းတို့ကပါ ကြားဝင် ညှိနှိုင်းပေးမှုများပင် ရှိခဲ့ကြောင်း သိရသည်။

ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် အာဏာသိမ်းကာလအတွင်း စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့၏ အမာခံသတင်းပေး တစ်ဦးဖြစ်ပြီး ၎င်းမကြည်ဖြူသည့် လူများကို စဖရ(စရတ) နှင့် ရဲတပ်ဖွဲ့ထံ  မမှန်မကန် သတင်းပေးသည့်အတွက် (၄)နှစ်တာကာလအတွင်း လူဦးရေ (၆၀)ဝန်းကျင် ဖမ်းဆီးခံရသည့် ဖြစ်စဉ်များစွာ ရှိခဲ့ကြောင်း သိရသည်။

"ဒီလူက အာဏာသိမ်းထားတဲ့ ကာလမှာ သူ့အကြိုက်ဖြစ်သွားပြီး ရဲနဲ့ စရဖ(တပ်)ကို ကောင်းကောင်းအသုံးချနိုင်သူပဲ။ သူနဲ့မကြည်ဖြုသူ၊ သူ အမြင်မကြည်သူတွေကိုဆိုရင်  ရဲနဲ့တပ်ကို သတင်းပေးလိုက်တယ်။ သူ့ကြောင့် ဖမ်းခံသူတွေ အာဏာသိမ်းစကနေ အခုထိဆိုရင် (၆၀)ဝန်းကျင်လောက်ရှိတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းကာလအတွင်း ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ၎င်း၏ ကိုယ်ကျိုးတစ်ခုတည်းအတွက်ကိုသာ မျှော်မှန်းပြီး ရဲတပ်ဖွဲ့နှင့်စစ်တပ်၏ အမာခံသတင်းပေးအဖြစ် လုပ်ဆောင်လာပြီးနောက်ပိုင်း  လုံခြုံရေးအရဟု အကြောင်းပြကာ လက်နက်ကိုင်ဆောင်ခွင့်တောင်းရာမှ ၎င်းအား လက်ကိုင် ကိုင်ဆောင်ခွင့်ပေးထားကြောင်း သိရသည်။

၎င်းသည် လက်နက်ကိုင်ဆောင်ခွင့်ရရှိပြီး နောက်ပိုင်းတွင် လက်နက်အရောင်းအဝယ်အဖြစ်   သေနတ်အမျိုးအစားပေါ် မူတည်ကာ ကျပ်သိန်း(၁၀၀)ဝန်းကျင်ကနေ ကျပ်သိန်း(၁၂၀)ဝန်းကျင်အထိ သတ်မှတ်ကာ ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

"ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ က သေနတ်လိုချင်သူတွေကို တစ်လက်ကို ကျပ်သိန်း (၁၂၀) ဝန်းကျင်နဲ့  ရောင်းပေးနေတယ်။ သူအဲ့လို လက်နက်အရောင်းအဝယ် လုပ်နေတာ အတော်ကြာပြီလို့ သိထားရတယ်။ သူ့စကားကို ရဲနဲ့စရဖကလည်း လိုက်နာကြတဲ့သဘောဘဲ။ ပြောရရင် သူပြောရရင် ပြီးတယ်ဆိုတဲ့ အထှာမျိုးပေါ့ဗျာ။ သူ ဘာလုပ်လုပ် အရေးယူခံရတာမျိုးမရှိသလို သူ့ကို အရေးမယူရဲဘူးလို့တောင် သိထားရတယ်။ အဲ့ဒါကြောင့် သူက လက်နက်အရောင်းအဝယ်အထိ တိုးချဲ့လုပ်နေတာပေါ့"ဟု အမည်မဖော်လိုသည့် ဒေသခံ လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပြသည်။

၎င်းသည် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်လှိုင် နှင့် တောင်ကြီးမြို့နယ် ဦးရန်နိုင်ထွန်းတို့ကိုလည်း အိတ်ကပ်ထဲ ထည့်ထားနိုင်သည့်အတွက် ၎င်း၏ ရပ်ကွက်အုပ်ချုပ်ရေးအာဏာကို ဆုတ်ကိုင်ထားနိုင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းနှင့်နီးစပ်သူ တစ်ဦးက ပြေသည်။

ဦးသန်းရွှေသည် အခွင့်ရေးသမားတစ်ဦးဖြစ်သည်ဟု ဒေသခံများက သတ်မှတ်ထားကြောင်း နှင့် ၎င်းသည် တောင်ကြီး ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်သလို မြို့နယ် မဘသ တွင် ဦးဆောင်သူတစ်ဦးလည်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ ဖမ်းဆီးရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များတွင်လည်း ဝင်ရောက်စွတ်ဖက်လေ့ရှိသူဖြစ်သည့် အတွက် ရပ်ကွက်သူ ရပ်ကွက်သား အများအပြားမှာ ၎င်းကို ပွင့်လင်းစွာ ပြန်မပြောရဲသော်လည်း မနှစ်သက်သူများ ပြားကြောင်း သိရသည်။