ကလောမြို့တွင် ရေကြီးရေလျှံခြင်းကြောင့် စာရင်းမကောက်နိုင်သည့် လူအသေအပျောက်များရှိ

ကလောမြို့တွင် ရေကြီးရေလျှံခြင်းကြောင့် စာရင်းမကောက်နိုင်သည့် လူအသေအပျောက်များရှိ
စက်တင်ဘာ 15, 2024 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်များပျက်စီးပြီး စာရင်းမကောက်နိုင်သည့် လူအသေအပျောက်များကြောင်း ဒေသခံများထံမှ သိရသည်။

"အလောင်းတွေ ပြန်တွေ့တာလည်း တွေ့တယ်။ မတွေ့တာလဲ ရှိတယ်။ ဖုန်းလိုင်းကလည်း Atom တစ်ခုပဲ ရပါတယ်။ ရပ်ကွက်တစ်ခုလုံး စုပေါင်းချက်စားနေရတဲ့ အခြေအနေပါ။ ဆန်၊ ဆီ၊ ဆေးဝါးလိုအပ်နေကြပါတယ်။"ဟု ကလောလောမြို့ ရပ်ကွက်(၃)တွင် နေထိုင်သူတစ်ဦးက က Tachileik News Agency ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ပြောသည်။

ကလောမြို့ရှိ (၁၅)ပေမြင့်သည့် တိုက်များပင် ရေမြုပ်သွားသည့်အခြေအနေဖြစ်ခဲ့ပြီး ရပ်ကွက်(၃) တစ်ခုတည်းတွင်ပင် လူ(၄၀)ကျော်သေသည်ဟု သိရသည်။

ကလောမြို့တွင် စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံခြင်းကြောင့် နေအိမ်များပျက်စီးကာ လက်ရှိတွင် ရေပြန်လည်ကျဆင်းသွားပြီဟု သိရသည်။

"လူအသေအပျောက်က များပါတယ်။ စာရင်းမကောက်နိုင်တော့ လူစာရင်းအတိအကျ မသိရတာပါ။ ရပ်ကွက်(၃)တစ်ခုတည်းမှာပဲ လူ(၄၀)ကျော်သေတာပါ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ ကလောမြို့တွင် ရပ်ကွက်သုံးမှ သေဆုံးသူ (၉)ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ (၁၂)ဦးသာရှိသည်ဟု ဆိုသည်။

ကလောမြို့တွင် ရေဘေးသင့်သည့် အိမ်ခြေ(၄၃၃)အိမ်နှင့် အိမ်ထောင်စု(၅၂၀)ရှိပြီး လူဦးရေ(၁,၀၀၃)ဦးရှိကာ မြို့မကျောင်း၊ ဓမ္မစကြာကျောင်း၊ မြက်ရဲအင်းကျောင်း၊ ရွာသစ်ကျောင်း၊ ဆေးဝင်္ကပါကျောင်းနှင့် အထက(၂)တို့တွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသည်။

#TachileikNewsAgency