ရှမ်းပြည်နယ်တောင်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များနှင့် သီးသန့်ရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်ဆောင်ရွက်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ကြောင်း သိရသည်။
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၃) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၈) တပ်ရင်း ရှမ်းတောင် (SSRY)နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၃) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်တော် အမှတ် (၁၀၀၅) တပ်ရင်း ရှမ်းတောင် (SSPDF)တို့က ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU)နှင့် ပူးပေါင်း၍ စုဖွဲ့မှုပုံစံသစ်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အဆိုပါအဖွဲ့အစည်းအသီးသီးက သတင်းထုတ်ပြန်လာကြခြင်းဖြစ်သည်။
အဆိုပါ တပ်ရင်းများသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်တွင် (၃)နှစ်ကျော်ကာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပြီး မြေပြင်အခြေအနေအရ စုဖွဲ့မှုပုံစံသစ်ပြုလုပ်ရန် ဝန်ကြီးဌာနက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
စုဖွဲ့မှုပုံစံသစ်အား ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အမှတ်(၁၀၀၅)တပ်ရင်း၊ အမှတ်(၁၀၀၈)တပ်ရင်း၏ အမည်နာမ၊ Logo၊ ဘက်တံဆိပ်နှင့် NUGPAY account များကို ဆက်လက်အသုံးပြုတော့မည်မဟုတ်ဘဲ SSLRU အနေဖြင့်လည်း လက်ရှိ အသုံးပြုနေသည့် Logo၊ ဘက်တံဆိပ်များကို ပြောင်းလဲသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။
ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) သည် လူမျိုးပေါင်းစုံပါဝင်သော ရှမ်းတောင်ဒေသအခြေစိုက် တပ်ဖွဲ့တစ်ခုအဖြစ် လွန်ခဲ့သည့် နှစ်နှစ်က စတင်ဖွဲ့စည်းခဲ့ကာ (၁.၁.၁.၁) စစ်ဆင်ရေးအပါအဝင် ကရင်နီဒေသနှင့် ရှမ်းတောင်ဒေသတို့၌ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။
#TachileikNewsAgency