စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ပေးရန် သားဖြစ်သူ ဦးထိန်လင်း ခေါ် ကင်မ်အဲရစ်က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ဗြိတိန်နိုင်ငံရှိ မြန်မာသံရုံးထံ သွားရောက်တောင်းဆိုသည်။
ယင်းသို့သွားရောက်တောင်းဆိုရာတွင် သံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်မရဘဲ တောင်းဆိုစာကိုသာ ချန်ထားခဲ့သည်ကို တွေ့ရသည်။
ဦးထိန်လင်း ခေါ် ကင်မ်အဲရစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ လိပ်မူသည့် စာတစ်စောင်ကို သူ၏လူမှုကွန်ယက်စာမျက်နှာမှလည်း တင်ပြထားသည်ကို တွေ့ရသည်။
"ကျွန်တော်၏မိခင် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားပြီး သူလိုအပ်သည့် ထိရောက်သော ကျန်းမာရေး ဆေးကုသမှုများ မပေးသည်မှာ ယနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် လေးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနှင့် တွေ့ဆုံကူညီခွင့်ကို မပေးသလို မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် မရပါ။ ဤလုပ်ရပ်သည် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် မြန်မာပြည်သူများ ရွေးချယ်တင်မြောက်ထားသော ရွေးကောက်ပွဲရလဒ်ကို လေးစားမှုမရှိခြင်းဖြစ်ပြီး၊ ကျွန်တော့်မိခင်၏ နိုင်ငံသားတစ်ယောက်အပြင် လူသားတစ်ယောက်အနေနှင့် ရထိုက်သော အခွင့်အရေးများကိုလည်း ငြင်းပယ်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်သည် နိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါ။ အသက် (၈၀) ပြည့်တော့မည့် မိခင်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်သော သားတစ်ယောက်အနေဖြင့်သာ ယခုဤစာကို ရေးသား ပေးပို့ရခြင်းဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားများနှင့် တစ်ကမ္ဘာလုံးမှာရှိသည့် လူအများရဲ့ ဆန္ဒနဲ့ထပ်တူ ကျွန်တော်၏မိခင်ကို အချုပ်အနှောင်မှ လွှတ်ပေးဖို့အတွက် တောင်းဆိုအပ်ပါသည်။ ကျွန်တော်နေထိုင်ရာ အင်္ဂလန်မှ မြန်မာပြည်သို့ လာရောက်ပြီး ကျွန်တော်၏မိခင်နှင့် ကိုယ်တိုင် တွေ့ဆုံခွင့်ပေးရန်ကိုလည်း တောင်းဆိုလိုက်ပါသည်။ "ဟု ဦးထိန်လင်း၏စာတွင် ဖေါ်ပြထားသည်။
အာဏာသိမ်းသည့်နေ့မှစတင်ကာ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုပေါင်း (၁၉) မှုဖြင့် စွပ်စွဲတရားစွဲကာ ထောင်ဒဏ် (၃၃)နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အမှုအချို့ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ရာ လက်ရှိတွင် ထောင်ဒဏ် (၂၇)နှစ် ဆက်လက်ချမှတ်ထားခြင်းဖြစ်သည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် လူထုရွေးကောက်ပွဲရလဒ်အား မဲမသမာမှုဟုစွပ်စွဲကာ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံ့ခေါင်းဆောင်များအပါအဝင် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မမျိုးစုံဖြင့် စွပ်စွဲပြစ်ဒဏ်ချခြင်းများကို လုပ်ဆောင်နေသည့်အပြင် အာဏာသိမ်းမှု ဆန့်ကျင်သူများအား အကြမ်းဖက်နှိမ်နှင်းခြင်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
#TachileikNewsAgency
Photo : Kim Aris - Htein Lin