နောင်ချိုမြို့ကို တော်လှန်ရေးတပ်များသိမ်းပိုက်ရန် (၂)ပတ်သာကြာပြီး လက်နက်အမြောက်အများ ရရှိ

နောင်ချိုမြို့ကို တော်လှန်ရေးတပ်များသိမ်းပိုက်ရန် (၂)ပတ်သာကြာပြီး လက်နက်အမြောက်အများ ရရှိ
ဇူလိုင် 11, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရန် (၂)ပတ်သာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ပထမဆုံး သိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာသည်။

နောင်ချိုမြို့တွင် စစ်ကောင်စီ၏ ခမရ(၁၁၄)၊ ခမရ(၁၁၅)၊ ဒုံးတပ်ရင်(၆၀၆)တို့ အဓိကစခန်းချထားသည့်မြို့ဖြစ်ကာ ၎င်းတပ်စခန်းများအပြင် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံကို TNLA နှင့် MDY PDF ပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် Jet Fighter ဖြင့် အကြိမ် (၆၀)၊ Y-12 လေယာဥ်ဖြင့် (၄၂) ကြိမ်၊ Mi-35 ဖြင့် (၅)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၃၈)ကြိမ်၊ အတွဲလိုက်ဒုံး (၃၁)လုံး၊ ပေါင် ၅၀၀ ဗုံး (၂)လုံး နှင့် အဆိပ်ငွေ့ဗုံး (၄)လုံးတို့ကို အသုံးပြုခဲ့သည်။ 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊  လေယာဉ်ပစ်လက်နက် (၂)လက်၊  Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ 60 MM (၁၅)လက်၊ 80 MM (၂)လက်၊ ဆလက် (၁၇)လက်၊ ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင် ပစ္စည်းများအပြင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၆၀၀)ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် နောင်ချိုဒေသခံ (၁၀)ဦး သေဆုံးခဲ့ပြီး (၉)ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်ဆီးခြင်းနှင့် လူနေအိမ် (၉)လုံး မီးလောင်ပျက်စီးခြင်းများရှိခဲ့သည်ဟု သိရသည်။

TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ၁၀၂၇ စစ်ဆက်ရေးဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို တိုက်ခိုက်ခဲ့ရာက နောင်ချိုမြို့ကို စတင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုရဲစခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ပြီးနောက် နောင်ချိုရဲစခန်းအချုပ်အတွင်းရှိ အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

#TachileikNewsAgency

Photo: The Ta'ang Post