ပြည်သူများ၏ မဲပေးရွေးချယ်မှုကို အလေးမထားဘဲ စစ်အာဏာကို အသုံးပြုကာ အာဏာသိမ်းထားသည့် ရာထူးအာဏာမက်သော စစ်အုပ်စုက နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ရာထူးကို (၆)ဦးအထိ ပေးထားလိုက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း ယာယီသမ္မတ တာဝန်အပါအဝင် ရာထူးနေရာ (၄)ခုကို ဖန်တီးကာ ဆက်လက် ရယူထားသည်။
အာဏာစသိမ်းကတည်းက ဒုတိယဝန်ကြီးချုပ်အဖြစ် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား တာဝန်ပေးထားသော်လည်း ယခုအခါ ၂၀၂၅ခုနှစ်၏ ပြင်ဆင်ဖွဲ့စည်းမှုတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ အပြင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းတို့ကို ဒုတိယဝန်ကြီးချုပ်အဖြစ် ပူးတွဲ တာဝန်ပေးထားသည်ကို တွေ့ရသည်။
၂၀၂၁ခုနှစ်ကနေ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ဒုတိယဝန်ကြီးချုပ်အဖြစ် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တစ်ဦးတည်းရှိနေရမှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နောက်ထပ် ပြည်ထောင်စုဝန်ကြီး(၄)ဦးကို ဒုတိယဝန်ကြီးချုပ်များအဖြစ် ထပ်တိုးပေးလိုက်သည့်အတွက် ထိုစဉ်က ဒုတိယဝန်ကြီးချုပ် (၅)ဦးအထိ ရှိခဲ့ပြီး ယခု ၂၀၂၅ခုနှစ်တွင် ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှုအရ ဒုတိယဝန်ကြီးချုပ် (၆)ဦးအထိ တိုးလာခြင်း ဖြစ်သည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့၏ အမိန့်အမှတ် ၈/၂၀၂၅ အရ အာဏာသိမ်းစစ်ကောင်စီ၏ အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးချုပ်(၆)ဦး အပါအဝင် ပြည်ထောင်စုဝန်ကြီး (၃၄)ဦးဖြင့် ဖွဲ့စည်းထားပြီး ဒုတိယဝန်ကြီးများကိုလည်း (၄၀)ဝန်းကျင်အထိ ခန့်ထားရှိသည့်အတွက် စစ်အုပ်စု၏ ဝန်ကြီးဌာနတွင် ဝန်ကြီး စုစုပေါင်း (၇၅)ဦးအထိ ရှိနေပြီ ဖြစ်သည်။
ဝန်ကြီးဌာန နှင့် ဝန်ကြီးများကို အပြောင်းအလဲ ပြုလုပ်လေ့ရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ် တာဝန်ကို ယူထားသည်။
နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ နှင့် အကျိုးဆောင်သူများအတွက် ပေးအပ်ချီးမြှင့်သည့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့အမျိုးအစားထဲက သတိုးမဟာသရေစည်သူဘွဲ့ကိုလည်း နိုင်ငံ့အာဏာသိမ်းပြီး ၂၀၂၂ခုနှစ် ဧပြီလ(၁၇)ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မိမိကိုယ်ကို ပြန်လည်ချီးမြှင့်ခြင်းဖြင့် ရယူထားသေးသည်။
ရာထူး အာဏာမက်သည့် စစ်အုပ်စု၏ ခေါင်းဆောင် မင်းအောင်လှိုင်သည် ယာယီသမ္မတ(တာဝန်)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်တော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အဖြစ် အမည်ဆိုးဖြင့် နိုင်ငံ့အာဏာကို သိမ်းထားသည်မှာ (၄)နှစ်တိတိ ပြည့်ပြီ ဖြစ်သည်။
#TachileikNewsAgency