ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အခြေစိုက် ခမရ ( ၄၂၂ ) တပ်ရင်းတွင် တာဝန်ကျနေသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ တပ်သား ( ၄ ) ဦးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက် ကယ်ထုတ်ပေးခဲ့ကြောင်း 1008 – SSRY Eagle Force ( ရှမ်းတောင် ) တပ်ဖွဲ့ထံမှ သိရသည်။
မိုးဗြဲမြို့အခြေစိုက် ခမရ ( ၄၂၂ ) တပ်ရင်းတွင် တာဝန်ကျနေသည့် ခမရ ( ၅၀၈ ) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၄ ) ဦးအား ဇန်နဝါရီလ ( ၂၉ ) ရက်နေ့အကူး နံနက် ( ၁ ) နာရီခန့်တွင် SSRY ( Southern Shan Revolution Youth ) နှင့် ရှမ်းပြည် ( တောင်ပိုင်း ) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ( SSLRU ) တို့မှ သွားရောက်က ယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသူ တပ်သားများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မတရားလူသစ်စုဆောင်း ခံခဲ့ရသူများဖြစ်ပြီး ဇန်နဝါရီလ ( ၂၅ ) ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့ထံ စတင်ဆက်သွယ်ချိတ်ဆက်ပြီးနောက် လေးရက်အတွင်း ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု 1008 – SSRY Eagle Force ( ရှမ်းတောင် ) တပ်ဖွဲ့က ဆိုသည်။
သွားရောက်ကယ်ထုတ်ခဲ့သည့် တပ်သား ( ၄ ) ဦးအား ပူးပေါင်းတပ်ဖွဲ့မှ နွေးထွေးစွာကြိုဆိုခဲ့ပြီး လုံခြုံသည့်နေရာတွင် ထားရှိထားကာ ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသွားမည်ဟု ဆိုသည်။
မတရားတပ်သားသစ် စုဆောင်းခံရသည့် စစ်မှုထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လှိုက်လှဲစွာ ကြိုဆိုလျှက်ရှိပြီး စစ်ကောင်စီထံမှ ရုန်းထွက်၍ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ပေးကြပါရန် 1008 – SSRY Eagle Force ( ရှမ်းတောင် ) တပ်ဖွဲ့မှ တိုက်တွန်းအသိပေးထားသည်။