NUG ကာကွယ်ရေးဝန်ကြီးနှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ဆွေးနွေး

NUG ကာကွယ်ရေးဝန်ကြီးနှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် ဗဟိုကော်မတီဝင်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ပြည်သူ့လွတ်လပ်ရေးတပ်တော်( People Independence Army- PIA )အနေဖြင့် တော်လှန်ရေးကာလအတွင်း လုပ်ဆောင်ချက်များနှင့် သဘောထားများကို ဆွေးနွေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ရေးဆိုင်ရာလုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် ပူးပေါင်းကူညီရန်လာည်း ဆွေးနွေးသဘောတူညီ ခဲ့ကြသည်ဟု သိရသည်။

“စစ်ရေးဆိုင်ရာကိစ္စတွေဆိုတာက MoD ရင်းတွေနဲ့ကော ပကဖ ရော ဒေသအဖွဲ့အစည်းတွေနဲ့ပါ ကျွန်တော်တို့ ပူးပေါင်းလုပ်ကိုင်နေတာရှိပါတယ်။ ပြီးတော့ အောက်ခြေက တော်လှန်ရေးအဖွဲ့အသီးသီး နဲ့ကော ဟန်ချက်ညီညီနဲ့ ညီညီညွတ်ညွတ်လုပ်ကိုင်လို့ရအောင်ရယ် အပေါ်ပိုင်းကလူကြီးတွေနဲ့ ပိုပြီး တော့ နားလည်မှုရနိုင်အောင် ကျွန်တော်တို့က ဆွေးနွေးကြတာပါ။”ဟု ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) ဗဟိုကော်မတီဝင် မိုးနေလက Tachileik News Agency ကိုပြောသည်။

တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ပွတ်တိုက်မှုများ လျော့ကျပြီး တော်လှန်ရေးခရီးကို ဖြောင့် ဖြောင့်တန်းတန်းသွားနိုင်ရန်၊ နားလည်မှုရှိရန် ဆွေးနွေးကြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်တပ်မတော် တစ်ရပ်တည်ဆောက်ရေး ရည်မှန်းချက်များနှင့် တော်လှန် ရေးကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်များကို လိုက်နာရန်အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရောက်ရာဒေသမှာ လုံခြုံရေး၊ ကာကွယ်ရေး တပ်အနေနဲ့ တကယ်ကာကွယ်စောင့် ရှောက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားတည်ဆောက်နေတာပေါ့နော်။ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ ဒေသလိုအပ်ချက်အရ လုံခြုံရေးနဲ့ကာကွယ်ရေးကို ဆက်လက်ပြီးတော့ တာဝန်ယူရမယ်ဆိုလည်း တာဝန်ယူနိုင်ဖို့ရာ ကြိုးစားပြီးတော့ တည်ဆောက်နေကြတာဖြစ်ပါတယ်။”ဟု ကိုမိုးနေလက ပြောသည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)သည် ရခိုင် - မကွေးနယ်စပ်တွင် အခြေစိုက်ကာ နိုင်ငံအလယ်ပိုင်းတွင် တပ်တချို့ ဖြန့်ကျက်ထားပြီး ရခိုင်ပြည်နယ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်။ 

ထို့အပြင် ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးနှင့် နိုင်ငံ၏ အလယ်ပိုင်းစစ်ဆင်ရေးများတွင်လည်း ပါဝင် တိုက်ခိုက်နေသည်။ 

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန် ဗကသကျောင်းသားအဟောင်းများ မြို့ပေါ်တွင်ဆန္ဒပြခဲ့ကြပြီးနောက် စစ်ကောင်စီတပ်၏ ဖိနှိပ်မှုများကြောင့် အာရက္ခတပ်တော်(AA)ထံ စစ်ပညာသွားရောက် သင်ကြားခဲ့ပြီး ယင်းနှစ် ဒီဇင်ဘာလတွင် ပြည်သူ့လွတ်လပ်ရေးတပ်တော်ကို ဖွဲ့စည်းခြင်းဖြစ်သည်။