လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီး

လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒို (ကျောက်ကြီး) မြို့နယ်နှင့် ဆောထိ (ရွှေကျင်) မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး ထိခိုက်ပျက်စီးကြောင်း KNU ထံမှ သိရသည်။

လယ်ဒိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် ခမရ (၃၀၇) ရွှေဝါတပ်ရင်းမှ စစ်ကောင်စီတပ်များသည် (၁၂၀) မမ (၁)လုံး ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီလ (၁၆)ရက်နေ့ ည(၁၀)နာရီခန့်တွင် ခမရ (၃၀၇)စခန်းမှ ၁၂၀ မမ (၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဇီးကုန်းကျေးရွာနေ ဒေသခံတစ်ဦး၏ နေအိမ် (၁)လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

ဆောထိမြို့နယ်၌ ဇန်နဝါရီလ (၁၆)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်တွင် ပိန်းဇလုပ်အခြေစိုက် ခမရ (၂၀) မှ စစ်ကောင်စီတပ်များသည် ဒရုန်းဖြင့် ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အောပလားကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ (၁၅)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်တွင် တော်ဝိအခြေစိုက် ခလရ(၂၆၄) မှ စစ်ကောင်စီတပ်များသည် (၈၁) မမနှင့် (၁၂၀) မမ (၁၃)လုံး ပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာနှင့် ကွင်းကုန်းကျေးရွာကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးခြင်းများကြောင့် KNU ထိန်းချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်)အတွင်း ဒေသခံ လေးသိန်းကျော် (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KPSN (Karan Peace Support Network) ၏ အစီရင်ခံစာအရ သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:KNU