ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း စစ်ကောင်စီမှ ပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုထံမှ သိရသည်။

ဆောထိမြို့နယ်အတွင်း ဇွန်လ (၁၃)ရက်နေ့ ညပိုင်းတွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ−၂၆၄ မှ ၁၂၀ မမ နှင့် ၁၅၅ မမ လက်နက်ကြီး (၁)လုံးစီ ပစ်ခတ်ခဲ့ရာ စပ်စုကျေးရွာ နှင့် ညောင်အိုင်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၄)ရက်နေ့ နံနက်လေးနာရီခွဲတွင် ညောင်လေးပင်ရှိ ခမရ-၂၀ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ ရေဖြူကန်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နံနက်ခြောက်နာရီခွဲတွင် ခလရ-၂၆၄ မှ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ ထမင်းရုံကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 

ထို့နောက် နံနက် ခုနှစ်နာရီခွဲတွင် ခလရ-၂၀၄ မှ ၁၅၅ မမ (၁) လုံးပစ်ခတ်ခဲ့ရာ ညောင်အိုင်ကျေးရွာ အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး နံနက်ဆယ်နာရီတွင် (ရွှေကျင်ဗျူဟာ)မှ ၁၂၀ မမ (၂)လုံးပစ်ခတ်ခဲ့ရာ ကျောက်တန်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၄)ရက်နေ့ နံနက်ဆယ်နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်မှ (၁၂၀)မမ (၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ကဇင်းပင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကဇင်းပင်ကျေးရွာနေ ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏဆိုသလိုပြုလုပ်နေပြီး ပြီးခဲ့သည့် ဇွန် (၁၁) ရက်နေ့ကလည်း စစ်ကောင်စီတပ် ခလရ-၂၆၄ မှ ကေအဲန်ယူ-လယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့ရာ ဟင်္သာဝဲကျေးရွာမှ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU