နာမည်ကြီး ဈေးဝယ်စင်တာများ နှင့် ဆန်လုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီထုတ်ပြန်

နာမည်ကြီး ဈေးဝယ်စင်တာများ နှင့် ဆန်လုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီထုတ်ပြန်

ဆန်ကို သတ်မှတ်နှုန်းထားထက် ပိုရောင်းသည်ဟူသော အကြောင်းပြချက်ဖြင့် နာမည်ကြီးဈေးဝယ်စင်တာများနှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဆိုင်များမှ တာဝန်ရှိသူအများအပြားကို အရေးယူမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင်  စစ်ကောင်စီက ထုတ်ပြန်လာသည်ကို တွေ့ရသည်။

ဂျပန်လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Aeon Orange အပါအဝင် နာမည်ကြီးဈေးဝယ်စင်တာများ ဖြစ်ကြသည့် စီးတီးမတ်၊ စိန်ဂေဟာ၊ One Stop Mart တို့မှ တာဝန်ရှိသူ (၄)ဦးနှင့် ဆန်စပါးလုပ်ငန်းရှင် (၇)ဦး စုစုပေါင်း (၁၁)ဦးကို စစ်ကောင်စီက ၎င်းတို့သတ်မှတ်ပေးသည့် ဆန်ဈေးနှုန်းထက် ဈေးမြှင့်ရောင်းသည်ဟုဆိုကာ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့်   ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူမည်ဖြစ်ပြီး  ဈေးဝယ်စင်တာ၊ စတိုးဆိုင် (၃၀)ဆိုင်နှင့် ဆန်စပါးလုပ်ငန်းရှင် (၂၄)ဦးကိုလည်း ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်အရေးယူမည်ဟု ဆိုထားသည်။

စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် (၁၀၂) လုံး၊ ဆန်စက် (၂၅) ခု၊ ဆိုင်ခန်း (၇) ခုတို့မှ ဆန်စပါး လုပ်ငန်းရှင် (၅၈) ဦး၊ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီး (၅၃) ဆိုင်တို့ကို  ၎င်းတို့၏ လုံခြုံရေးအဖွဲ့အစည်းများဖြင့် စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းထက် (၁၀)ရာခိုင်နှုန်းထိ ဈေးတင်သူ လုပ်ငန်းရှင် (၂၇)ဦး၊ (၃၀)ရာခိုင်နှုန်းထိ ဈေးတင်သူ လုပ်ငန်းရှင် (၂၄)ဦးနှင့် (၇၀)ရာခိုင်နှုန်းအထိ ဈေးတင်သူ လုပ်ငန်းရှင်  (၇)ဦး စုစုပေါင်း (၅၈)ဦး တွေ့ရှိရပြီး ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများအား စစ်ဆေးရာ (၂၀)ရာခိုင်နှုန်းအထိ ဈေးမြှင့်ရောင်းချသည့် စတိုင်းဆိုင် (၁)ဆိုင်၊ ထက်ဝက်အထိ ဈေးမြှင့်သည့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် (၃၀)၊ (၇၀)ရာခိုင်နှုန်းအထိ ဈေးမြှင့်သည့် ဈေးဝယ်စင်တာ (၂၂)ဆိုင် စုစုပေါင်း (၅၃)ဆိုင် စစ်ဆေးတွေ့ရသည်ဟု ဆိုထားသည်။

ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေငြာခံရသူများတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ရတနာပုံဆန်စက်ပိုင်ရှင်၊ ကမ္ဘောဇဆန်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်၊ သိင်္ဂီဆန်စက်ပွဲရုံဒါရိုက်တာ၊ စိန်ငါးပွင့်ဆန်ဆိုင် တာဝန်ခံ၊ သစ္စာရှင် ဆန်/ဆီရောင်းဝယ်ရေးပိုင်ရှင်နှင့် သန့်ဆန်ဆိုင် တာဝန်ခံတို့အပြင် နာမည်ကြီးဈေးဝယ်စင်တာများဖြစ်ကြသည့် ဂျပန်လုပ်ငန်းခွဲ Aeon Orange ၏ ဒါရိုက်တာ ဂျပန်နိုင်ငံသား၊ စိန်ဂေဟာထရိတ်ဒင်းကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ၊ စီးတီးမတ်ဟိုးလ်ဒင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်၊ One Stop Mart ဒါရိုက်တာ နှင့် Global Myanmar Trading ကုမ္ပဏီ ဒါရိုက်တာတို့ ပါဝင်သည်ကို တွေ့ရသည်။

 

ဒဏ်ကြေးနှင့် အခွန်ထပ်မံစည်းကြပ်ခံမည့် ဈေးဝယ်စင်တာ၊ စတိုးဆိုင် (၃၀)ဆိုင်နှင့် ဆန်စပါးလုပ်ငန်းရှင် (၂၄)ဦးကိုမူ ထုတ်ပြန်ထားခြင်းမရှိပါ။

ငွေကြေးဖောင်းပွမှုနှင့် အထွေထွေအခက်အခဲများကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့် ဈေးကွက်ကို ဈေးနှုန်းများသတ်မှတ်ပေးခြင်း၊ လုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီး၊ ခြိမ်းခြောက်ခြင်းဖြင့် စစ်ကောင်စီက ကုန်ဈေးနှုန်းထိန်းရန် ကြိုးစားနေသည်ကို တွေ့ရသည်။

စစ်ကောင်စီက ဈေးနှုန်းထိန်းရန်ဟုဆိုကာ ၎င်းတို့သတ်မှတ်သည့် ဈေးကွက်ဈေးနှုန်းများအတိုင်း ရောင်းဝယ်ခြင်းမပြုဟူသော စွပ်စွဲချက်ဖြင့်  နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူများ၊ စားသုံးဆီလုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြိမ်းခြောက်မှုများ လုပ်ခဲ့ပြီးနောက် ဆန်လုပ်ငန်းရှင်များအပေါ် အလားတူ လုပ်ဆောင်လာခြင်းဖြစ်သည်။