စစ်ကောင်စီ၏ မုံရွာ နမခတွင် စစ်မှုထမ်း စုဆောင်းခံရသူ လူငယ်လေးဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလွတ်မြောက်

စစ်ကောင်စီ၏ မုံရွာ နမခတွင် စစ်မှုထမ်း စုဆောင်းခံရသူ လူငယ်လေးဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလွတ်မြောက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တွင် အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခံရသူ လူငယ် (၄)ဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါလူငယ် (၄)ဦးမှာ ရန်ကုန်နှင့် ဟင်္သာတမြို့များမှဖြစ်ပြီး ရှမ်းပြည်နယ်ဘက်သို့ အလုပ်လုပ်ရန်သွားစဉ် လမ်း၌ စစ်ကောင်စီတပ်က ဖမ်းဆီးကာ စစ်မှုထမ်း စုဆောင်းခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား စစ်ကောင်စီ၏ တပ်မ (၇၇)လက်အောက်ခံ အမှတ် (၁၀၅)တပ်ရင်း၏ စစ်မှုထမ်း အမှတ်စဉ် (၅)သို့ ပို့ဆောင်ခံရကာ ရန်ကုန်မှတစ်ဆင့် မုံရွာ နမခသို့ ထပ်မံပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့သွားရင်း လမ်းမှာ ဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ နမခကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာဖြစ်တယ်”ဟု လွတ်မြောက်လာသည့် လူငယ်တစ်ဦးက ပြောကြားထားသည်။

အဆိုပါလူငယ် (၄)ဦးသည် ထွက်ပြေးသွားစဉ် ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လက်ရုံးတပ် Union Liberation Front - ULF စစ်ကြောင်းနှင့် တွေ့ကာ ၎င်းတို့သယ်လာသည့် လက်နက်ခဲယမ်းများကို အပ်နှံပေးခဲ့ကြောင်း သိရသည်။

စစ်မှုထမ်းစုဆောင်းခံရခြင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် (၄)ဦးကို ငွေသားကျပ်သိန်း (၃၀)စီ ချီးမြှင့်ပေးကာ လုံခြုံဘေးကင်းစွာ ထားရှိပြီး မိသားစုနှင့် အဆက်အသွယ်ရရန် လုပ်ဆောင်ပေးသွားမည်ဟု Union Liberation Front က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးချိန်မှစ၍ ဒေသအသီးသီးတွင် လူငယ်များ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Photo : Union Liberation Front - ULF V 02