PDF ယူနီဖောင်းကို ဝတ်ဆင်ပြီး ဝင်ရောလာသည့် စစ်ကောင်စီတပ်သားကို PDF ရဲဘော်များက အရှင် ဖမ်းမိ

PDF ယူနီဖောင်းကို ဝတ်ဆင်ပြီး ဝင်ရောလာသည့် စစ်ကောင်စီတပ်သားကို PDF ရဲဘော်များက အရှင် ဖမ်းမိ

စစ်ကိုင်းတိုင်း မုံရွာ- အရာတော်လမ်းပိုင်းအတွင်း   ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ညပိုင်းက PDF စစ် ယူနီဖောင်းဝတ်ကာ ကင်းချထားသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းဖမ်းဆီးလိုက်သည်ဟု သိရသည်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းကွင်းအား အသက်သွင်းရန်သွားစဉ် PDF စစ် ယူနီဖောင်းဝတ် ကင်းချထားသည့် စစ်ကောင်စီတပ်သား(၁၀)ဦးအား PDF (၇)ဦးက သေနတ်ထောက်ဖမ်းဆီးရာ တစ်ဦးကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။

“မိုင်းကွင်းကို အသက်သွင်းဖို့အသွားမှာ ကင်းပတ်လာကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တွေ့တာကို အရှင်ရ အောင်ဖမ်းခဲ့လိုက်တာပါ။”ဟု Snipe Rangers Force (Local - PDF)မှ ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော် ဆလိုင်း) က Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားမှာ BE တပ်မှဖြစ်ပြီး ၎င်းအား Snipe Rangers Force (Local - PDF) နှင့် Special Revolution Force (ဒေါင်းညီနောင်)တို့က ပူးပေါင်းဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့ဘက်စပြီး ကျွန်တော်တို့ရဲဘော်တွေနားကို ကပ်လာတာပါ။ ယူနီဖောင်းကိုလည်း PDF စစ်နီဖောင်းဝတ်ပြီး ဝင်ရောတဲ့ ပုံစံမျိုးနဲ့ လာကပ်တယ်။ ပစ်ခတ်တာမျိုးတော့ မရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေက ဦးသွားတာပါ။ နောက်ကြောကို သေနတ်ထောက်ထားနိုင်လိုက်တာပါ။”ဟု သူက ဆက်ပြောသည်။

ဖမ်းဆီးစဉ် ကျန်ရှိ စစ်ကောင်စီတပ်သား(၉)ဦးမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားပြီး ဖမ်းဆီးရမိသည့် တပ်သားအမည်မှာ စအရ(၉၀၉)မှ မောင်တင်ဆန်းမြင့် ဖြစ်သည်ဟု သိရသည်။

“သူပြောတာကတော့ ကျောက္ကာ ဘုန်ကြီးကျောင်းကနေ PDF ယူနီဖောင်းကို ရခဲ့တာလို့ ဖြေပါတယ်။ အကုန်နီးပါး ဝတ်ထားကျတယ်လို့ ဖြေပါတယ်။ သေနတ်ကတော့ မရခဲ့ပါဘူး။ ဝင်ရောတဲ့အချိန်မှာ သေနတ်ပါမလာပါဘူး။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဆီမှာပါ။ ကျွန်တော်တို့လည်း စစ်ကောင်စီတပ်သားမှန်းသိတယ်။ ဘာလို့လည်းဆိုတော့ စစ်ရေးတင်းမာနေတဲ့အချိန်ဖြစ်တာရယ်။ သတ်မှတ်ထားတဲ့ ပွိုင့်ကို တာဝန်ကျရဲဘော်က လွဲပြီး ဘယ်သူကိုမှ ပေးမသွားရဘူးဆိုပြီး ညွန်ကြားထားတဲ့အတွက်ရယ်၊ အီကွေ့မန့်ကလည်း ပါလာတယ်။ မိုင်း ပွိုင့်မှာဆိုတော့ ပိုပြီးသိသာသွားတာပါ။”ဟု သူကပြောသည်။

ထို့အပြင် ဖမ်းဆီးနိုင်ချိန် စစ်ကောင်စီတပ်သားသည် PDF တပ်များ၏ စကားဝှတ်ကို မပြောနိုင်ခြင်း၊ စစ်ဆေးမေး မြန်းရာတွင် စစ်ကောင်စီတပ်သားဟု ထွက်ဆိုခြင်းတို့ရှိသည်ဟု ဆိုသည်။ 

“သူပြောတာကတော့ စစ်ကြောင်းမှူးအမိန့်အရ ဝတ်ရတာလို့လည်း ပြောပါတယ်။ ယူနီဖောင်းကိုတော့ ကျောက္ကာ မြောက်ရွာမှာ PDF နှစ်ယောက်ကိုဝိုင်းပစ်ပြီး သူတို့ကျန်နေခဲ့တဲ့ ယူနီဖောင်းကို မဝတ်မနေရ ဝတ်ခိုင်းတာလို့ပြော ပါတယ်။”ဟု သူက ဆက်ပြောသည်။

၎င်းထံမှ MA 1 ကျည်ဘောက်(၂)ခု၊ ၅.၅၆ ကျည် (၄၀)တောင့်၊ အီနာဂါ (M9) တစ်လုံး၊ အီကွေ့မန့် တစ်ထည့် တို့ကိုသိမ်းဆည်းရရှိသည်ဟု သိရသည်။

လက်ရှိတွင် မုံရွာ- အရာတော်လမ်းပိုင်း၌ တိုက်ပွဲများဖြစ်နေသည်မှာ (၁၁)ရက်ရှိပြီဖြစ်ပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေသည့်အခြေအနေဟု သိရသည်။ လက်ရှိတွင် အဆိုပါ စစ်သုံးပန်းကို ကျင့်ဝတ်တွေအရ သက်ဆိုင်ရာထံ အပ်နှံထားသည်ဟု သိရသည်။