နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်သကြားစက်ကို စစ်ကောင်စီဗုံးကြဲ စက်ရုံဝန်ထမ်း ၄ ဦး သေဆုံး ၈ ဦးဒဏ်ရာရ

နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်သကြားစက်ကို စစ်ကောင်စီဗုံးကြဲ စက်ရုံဝန်ထမ်း ၄ ဦး သေဆုံး ၈ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချို-အုမ္မသီးလမ်းခွဲအနီးရှိ ဆမ္မဆယ် သကြားစက်ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က ဗုံးကြဲတိုက်ခိုက်ရာ စက်ရုံဝန်ထမ်း (၄)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဆမ္မဆယ်သကြားစက်ကို တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး စက်ရုံအဆောင်တည့်တည့်ကျကာ ကြိတ်စင်မှ (၂)ဦးနှင့် စက်ရုံလုံခြုံရေး (၂)ဦးတို့သေဆုံးသည်ဟုသိရကာ ပျက်စီးမှုအခြေအနေအသေးစိတ်ကိုမူ မသိရသေးပါ။

“ဗုံးကြဲတာကို အတည်ပြုပါတယ်။ စက်ရုံလုပ်သား(၄)ဦးသေတယ်။ သေဆုံးသူတစ်ဦးက မိန်းကလေး မီးနေသည်၊ သွေးလန့်ပြီး ဆုံးတာ။ (၈)ဦး ဒဏ်ရာရတယ်။ တိုက်ပွဲ မဖြစ်ဘူး။ ဆမ္မဆယ်သကြားစက်ပိုင်ရှင်က အင်ဝိုင်း၊ မိုင်းရယ် သကြားစက်ပိုင်ရှင်နဲ့ အတူတူပဲ စစ်ကောင်စီပိုင်တော့ မဟုတ်ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဆမ္မဆယ်သကြားစက်ရုံမှာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပထမအကြိမ်ကြဲတိုက်ခိုက်ခံရမှုတွင် စက်ရုံဝန်ထမ်းတစ်ဦး ခြေထောက်ပြတ် ဒဏ်ရာရရှိကာ သေဆုံးခဲ့သည်ဟု ဆိုသည်။

“နောင်ချိုကို ဗုံးကတော့လာကြဲတယ် နှစ်ရက်ဆက်တိုက်။ ဆမ္မဆယ်သကြားစက်လည်းပါတယ်။ မနေ့က ဆမ္မဆယ်သကြားစက်ရုံကို လေယာဥ်နဲ့ကြဲချတာ (၄)ဦးသေပြီး ထိခိုက်မှုရှိတယ်။ လိုင်းပျက်တော့လေ သတင်းကလည်းနှေးတယ်။ အသေးစိတ်မသိရသေးဘူးဗျ။” ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

 

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ တိုက်ပွဲအကြာခဏဖြစ်ပွားပြီး ရေဝင်ရွာမှ ဒေသခံများကိုလည်း TNLAဘက်က ပြောင်းရွှေ့ခိုင်းသည်ဟု ဒေသခံများက ဆိုသည်။

“မနေ့ကတော့ ရေဝင်ရွာကို TNLA ဘက်က ပြောင်းရွှေ့ခိုင်းတယ်။ ဘေးနားက ဘယ်ရွာတွေကို ထပ်ပြောင်းရွှေ့ခိုင်းလဲဆိုတာတော့ မသိရဘူး။ ဘန့်ဘွေးမှာတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်။ ဒီအတောအတွင်းမှာ ဘန့်ဘွေးမှာလည်း တိုက်ပွဲတွေဖြစ်တယ်။ ဘန့်ဘွေးကို သိမ်းပြီးပြီလို့လည်းပြောတယ်။ အတည်ပြုလို့တော့မရသေးဘူး။ လက်နက်ကြီးပါအထိုင်ချထားတာတွေရှိတယ်။ ရေဝင်ဘက်မှာတော့ တပ်စွဲတာတွေရှိ တော့ ထိတွေ့မှုတွေဖြစ်နေတာပေါ့။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့ နံနက်(၇)နာရီဝန်းကျင်တွင်လည်း တောင်ခမ်းဘက်မှ လက်နက်ကြီးသံများ ပြန်လည်ကြားနေရပြီး အုမ္မသီး၊ ရေဝင်ရွာများဘက်တွင်လည်း ယမန်နေ့ညပိုင်းက လက်နက်ကြီးသံတချို့ကြားရသည်ဟုလည်း ဒေသခံများက ဆိုသည်။

“ရေဝင်ရွာက ဒေသခံတွေကို ရွှေ့ပြောင်းခိုင်းတာ မဟုတ်ပါဘူးဗျ။ တိုက်ပွဲဖြစ်တော့ ဘယ်ရွာခံမှ ပေတေခံပြီး မနေဘူးလေ။ တိုက်ပွဲဆိုတာလည်း စကစဘက်က လက်နက်ကြီးတွေ ပစ်လာလို့၊ လေယာဉ်နဲ့ လာပစ်လို့ အချို့ကရှောင်ကြတာပါ။ လက်နက်ကြီးသံတွေကြားနေရတာက စစ်ကောင်စီဘက်က တဖက်သတ်ပစ်ခတ်နေတာ။”ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့်လများကလည်း နောင်ချိုမြို့ရှိ အင်ဝိုင်းသကြားစက်၊ မိုင်းရယ်မြို့နယ်ရှိ သကြားစက်ရုံတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး (၈)ဦးထက်မနည်း ဒဏ်ရာရကာ အဆောက်အဦးများလည်း ပျက်စီးခဲ့သေးသည်။

News : https://www.tachileik.net/mm/news/38022

#TachileikNewsAgency

Photo: နိုဝင်ဘာလ ၁ ရက်နေ့က TNLA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့သို့ စစ်ကောင်စီလေတပ်က ကြဲချခဲ့သီး ဗုံးတလုံးအား တွေ့ရစဥ် (ပုံဟောင်း)