တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲချရာ ဒေသခံ (၃)ဦး ဒဏ်ရာရသည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)ထံမှ သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်တွင် ဗုံးနှစ်လုံးကြဲချပြီး (၉)နာရီခွဲကျော်တွင် ဗုံးသုံးလုံး ထပ်မံကြဲချရာ တကူကျေးရွာနေ အရပ်သား အမျိုးသမီး (၃)ဦး ဒဏ်ရာရသည်ဟု သိရသည်။
“အသက်နှစ်ဆယ်ကျော်ဝန်းကျင် တစ်ယောက်ပါတယ်။ အသက်လေးဆယ်အရွယ်လောက် တစ်ယောက်ပါတယ်။ နောက်တစ်ဦးကတော့ လူလတ်ပိုင်းပါ။ ဆေးရုံနဲ့ ဈေးအနီးကို ကြဲချသွားတာပါ။”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့အပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် တကူရွာရှိ နေအိမ်(၂)လုံးလည်း လုံးဝပျက်စီးသွားပြီး အခြားနေအိမ် (၂)လုံးလည်း ပျက်စီးမှုရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ပြည်သူများနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo:CJ