သံတောင်ကြီးမြို့နယ် တောင်ငူ-သံတောင်ကြီးလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်

သံတောင်ကြီးမြို့နယ် တောင်ငူ-သံတောင်ကြီးလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် တောင်ငူ-သံတောင်ကြီးလမ်း (၆)မိုင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး သေနတ် (၃)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)၏ သတင်းနှင့် ပြန်ကြားရေးစာမျက်နှာ Thawthikho ထံမှ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့ နေ့လယ် (၁၂)နာရီတွင် တော်လှန်ရေးတပ်ဖွဲ့များမှ တောင်ငူ-သံတောင်လမ်း (၆)မိုင်တွင် ကားများအား စစ်ဆေးမှု ဆောင်ရွက်နေစဉ် တောင်ငူအခြေစိုက် စစ်ကောင်စီခြေလျှင်တပ်ရင်း ခလရ (၃၉)မှ ဘုရင့်နောင်တပ်မြို့သို့ ပြန်လာသည့် စစ်ကောင်စီကားနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးခဲ့ပြီး ၊ သေနတ် (၃)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့် ကားတစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ MA-3 (၃)လက် ၊ ကျည်ဘောက် (၉)ခု ၊ ကျည် (၂၀၀)နှင့် စစ်ဖက်ဆိုင်ရာ ပစ္စည်းတချို့တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:Thawthikho