အဖိနှိပ်ခံလူထုလွတ်မြောက်ရေး တော်လှန်တိုက်ပွဲဝင်ရာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) နှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ် (SAF) က အသိပေးပြောဆိုသည်။
ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ကျောင်းသားလက်ရုံးတပ် (SAF)က ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
TNLA နှင့် မဟာမိတ်အဖွဲ့များ၏ ၁ဝ၂၇ စစ်ဆင်ရေး အောင်မြင်မှုများသည် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေကြသည့် တော်လှန်ရေးအစုအဖွဲ့များအတွက် ခွန်အားဖြစ်စေခဲ့ပြီး စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတခုဖြစ်စေခဲ့သည်ဟု ဆိုသည်။
လူထုတရပ်လုံးအတွက် လုံခြုံအေးချမ်းသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးနှင့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် PSLF/TNLA၏ အောင်မြင်မှုများအတွက်လည်း ၀မ်းမြောက်ဂုဏ်ယူကြောင်း ကျောင်းသားလက်ရုံးတပ် (SAF) က ဆိုသည်။
ဆက်လက်၍ အဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်အတွက် မျှော်ရည်လျက် တော်လှန်တိုက်ပွဲဝင်ရာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) နှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျောင်းသားလက်ရုံးတပ် (SAF) က အသိပေးထားသည်။
ကျောင်းသားလက်ရုံးတပ် (SAF) ကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် အာရက္ခတပ်တော် (AA) ၏ ထောက်ပံကူညီမှုဖြင့် AA ၏ လွတ်မြောက်နယ်မြေတစ်နေရာတွင် (တကသများ - ရန်ကုန်)မှ အဖွဲ့ဝင်များပါဝင်သည့် ဦးဆောင်သူ (၂၂)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:SAF (ပုံဟောင်း)