၂၀၂၄ ခုနှစ်အတွင်း တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်သား ၄၀၀ ကျော်

၂၀၂၄ ခုနှစ်အတွင်း တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်သား ၄၀၀ ကျော်

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၂)ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်သား (၄၀၀)ကျော် သေဆုံးပြီး (၂၁)ဦး အရှင်ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ဗျူဟာ (၃၂) စစ်ကြောင်းများဖြစ်သည့် ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့နှင့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပေါင်း (၈၈)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်ရင်း (၃) ရင်း၊ ဗျူဟာ (၁) ဗျူဟာနှင့် ကာကင်းတပ်စခန်းငယ် (၁၁)ခု တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၄၁၃)ဦး သေဆုံးကာ (၃၁၄)ဦး ဒဏ်ရာရခဲ့ကြောင်း အတည်ပြုရရှိပါသည်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ဦးရေ လက်နက်ဖြင့် (၁၇)ဦး၊ လက်နက်မဲ့ (၆)ဦး စုစုပေါင်း (၂၃)ဦး အလင်းဝင်ရောက်လာခဲ့ပြီး ၄င်းတို့အား ထိုက်တန်သော ဆုချီးမြှင့်ခြင်းနှင့် ဘေးကင်းလုံခြုံစေရန် စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ဆိုသည်။

ထို့အပြင် တိုက်ပွဲများအတွင်း စစ်သုံ့ပန်း (၂၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်လျှောက်ထားသည်ဟု ဆိုသည်။ 

ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ အကြိမ် (၁၀၀)ကျော်နှင့် လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၆၃၇၄)ကြိမ် ပေးခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၄၀)ဦး ကျဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ (၁၉၀)ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စာရင်းများတွင် မြေပြင်အခြေအနေအရ အတည်ပြု၍မရသည့် အချက်အလက်များကို ချန်လှပ်ထားသည်ဟု တောင်ပိုင်းစစ်ဒေသက ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း၌ မြ၀တီမြို့ သင်္ကန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်၏ နှစ်ပေါင်း (၅၆)နှစ်ကြာ သက်တမ်းရှိသည့် အရှေ့တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

#TachileikNewsAgency

#TNA_LE

Photo:တောင်ပိုင်းစစ်ဒေသ