၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၁၈၂၃)ဦးကို အမည်နှင့်တကွ အတည်ပြုထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီ လ(၉)ရက်နေ့တွင် ဖော်ပြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦး၊ အမျိုးသမီး (၆၂၈)ဦးနှင့် အမျိုးသား (၁၁၉၄)ဦး စုစုပေါင်း (၁၈၂၃)ဦး သေဆုံးရသည်ဟု ဆိုသည်။
သေဆုံးသူများကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက်(၁၈)နှစ်အောက် ကလေးငယ် (၂၄၈)ဦး ပါဝင်ကာ အဆိုပါအရေအတွက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ(၆၄၁)ဦးနှင့် လက်နက်ကြီးကြောင့် သေဆုံးသူ (၅၂၅)ဦး ပါဝင်သည်ဟု သိရသည်။
ထို့ပြင် တစ်နှစ်တာကာလအတွင်း နိုင်ငံတဝန်း၌ စစ်အုပ်စုက လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦး၊ အမျိုးသမီး (၂၁၅)ဦးနှင့် အမျိုးသား (၅၅၀)ဦး စုစုပေါင်း (၇၆၆)ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်းမှ (၂၀၈)ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး အဆိုပါကာလအတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၁၂၆)ဦးနှင့် အမျိုးသား (၅၀၇)ဦး စုစုပေါင်း (၆၃၃)ဦးရှိသည်ဟု သိရသည်။
ထောင်ချခံရသူများထဲတွင် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရသူ (၄၈)ဦးနှင့် သေဒဏ်ချမှတ်ခံထားရသူ (၆)ဦး ပါဝင်သည်ဟု ဆိုသည်။
ပြစ်ဒဏ်ချမှတ်ခံရသူ (၆၃၃)ဦးတွင် စစ်ကိုင်းတိုင်းမှ (၄၈၂)ဦးဖြင့် အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်ဟုလည်း ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူစုစုပေါင်းမှာ (၆၁၂၉)ဦးရှိပြီဟု သိရသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈,၁၇၃)ဦးရှိပြီး ထိုအထဲမှ (၂၁,၄၆၆)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၉၃၁)ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရသည်။
#TachileikNewsAgency
#TNA_MAT
Photo: ၂၀၂၄ခုနှစ် စက်တင်ဘာလက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဘန်ကောက်စစ်ရှောင်စခန်းမှ ပြည်သူများ (MPA)