ရေဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စခန်းများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ရေဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စခန်းများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စစ်ကောင်စီစခန်းများအား ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ဒရုန်း တပ်စုမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရေဦး PDF မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် ရေဦးမြို့ မြောက်ဘက်အထွက်ရှိ စစ်ကောင်စီစခန်းအား ယနေ့ ဇွန်လ ( ၁၈ ) ရက်နေ့ မနက် ဆယ်နာရီခွဲခန့်တွင် ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီး (၆) လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရေဦးမြို့ရှိ စစ်ကောင်စီမှ အင်အားထပ်မံဖြည့်တင်းထားပြီး အထိုင်ချနေသည့် စပါးဒိုင်ကွင်းအဟောင်းစခန်းအား ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီး (၃) လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

ယခုတိုက်ခိုက်မှုသည် ရေဦး PDF ၏ ဇွန်လအတွင်း စစ်ကောင်စီစခန်းများကို ဒရုန်းဖြင့် (၉) ကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့က ရေဦးမြို့ရှိ စပါးဒိုင်ကွင်းအဟောင်းစခန်းအား Fixed Wing Drone များဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးသေဆုံးခဲ့သည်ဟု တိကျစွာသတင်းရရှိကြောင်း ရေဦး PDF မှ ဆိုသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ /YEU PDF