ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း နေရပ်ပြန်လာသည့် ကျေးရွာသားများအား စားနပ်ရိက္ခာနှင့် အမိုးအကာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO ထံမှ သိရသည်။
ကျောက်တော်မြို့နယ်အတွင်း နေရပ်ပြန်ကျေးရွာများထဲမှ စားနပ်ရိက္ခာနှင့် အမိုးအကာ အလုံအလောက် မရှိဆုံး ကျေးရွာတစ်ရွာမှ အိမ်ထောင်စု (၆၀) စု၊ လူဦးရေ ( ၃၅၀ ) ခန့် အား ULA/AA မှ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် HDCO တာဝန်ရှိသူများမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းက သွားရောက်ကွင်းဆင်းပြီး ဆန် (၆၀) အိတ်နှင့် အမိုးအကာအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေသား (၂၄၀,၀၀၀) ကျပ်စီ ထောက်ပံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ရှည်လများ တပ်စွဲ နေထိုင်ခဲ့ကြသဖြင့် အနီးအနား တောတောင်များ၌ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ကြွင်းကျန်ရှိနေပြီး ၎င်း အခြေအနေကြောင့် တောတောင်၊ သဘာဝကို မှီခိုကာ ဝမ်းရေးကို ဖြေရှင်းကြရသည့် ဒေသခံပြည်သူများ ကြီးမားသည့် အန္တရာယ်များကြားမှ ရုန်းကန်လှုပ်ရှား နေကြရကြောင်း HDCO က ဆိုသည်။
အဆိုပါ ကျေးရွာ၏ လမ်းပန်းဆက်သွယ်ရေးမှာလည်း လမ်းဟုပင်ခေါ်ရန် ခက်ခဲပြီး ၊ မြို့နှင့်လည်း အလှမ်းဝေးသည့်အတွက် အရေးပေါ် ဆေးကုသမှုခံယူရန်လိုအပ်သည့် အခြေအနေများ၌ ဖြေရှင်းရန်မလွယ်ကူသော စိန်ခေါ်မှုများစွာကို ကြုံနေကြရသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း၌ နေထိုင်ကြသည့် IDP များ၊ IDP မဟုတ်သော်လည်း အခြေခံလိုအပ်ချက်များကို မပြည့်မှီနိုင်သည့် မိသားစုများအတွက် လိုအပ်နေသော ကူညီပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားရေး အဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က အသိပေးသည်။
ထပ်မံ၍လည်း တဦးတယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းများဖြစ်စေ ရခိုင်ပြည်သူများ၏ နိစ္စဓူဝ အခက်အခဲများကို သက်သာချောင်ချိစေရန်နှင့် ဖြေလျှော့ပေးနိုင်ရန်အတွက် တတပ်တအား ပါဝင်ကြရန်ကိုလည်း HDCO က ဖိတ်ခေါ်ထားပါသည်။