ကချင်ပြည်နယ်အတွင်း KIA ၏ တပ်မဟာ(၂၇)နယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း KIA ၏ တပ်မဟာ(၂၇)နယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွား

 ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ လိုင်ကာဇွပ်ဂျာကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIA တို့ ယနေ့ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အမှတ်(၃)၊ တပ်မဟာအမှတ် (၂၇)၊ တပ်ရင်းနယ်မြေ လိုင်ကာဇွပ်ဂျာကျေးရွာအနီးသို့ အင်အား(၂၀၀)ဝန်းကျင်ရှိ အာဏာ သိမ်းစစ်ကောင်စီတပ်မ(၈၈)နှင့် စကခ (၁၅)၊ ခလရ(၁၂၁)တပ် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ကား(၄) စီးဖြင့် စစ်အင်အား၊ လက်နက်ခဲယမ်းအပြင် စားနပ်ရိက္ခာသယ်ပို့စဥ် KIA တပ်ဖွဲ့များတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ(၅)ရက်နေ့ကလည်း KIA အမှတ်(၂) တပ်မဟာအမှတ်(၂၀) တပ်ရင်းနယ်မြေ တနိုင်း-လီဒိုလမ်း၊ လဝါးကျေးရွာနှင့် ဒွမ်ဘန်ကျေး ရွာအကြားသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီ တပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံး၊ ဒဏ်ရာရသူ များသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။