မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် တံတားဦးလေတပ်မှ Y-12 လေယာဉ်ဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း ဂေါက်ကွင်းနှင့် အနောက်ပိုင်းရှိ ကျောက်ဆင်၊ ဘော်မား ရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတယ်။ မိုးကုတ် အရှေ့ပိုင်းကို Y-12 နဲ့ နေ့လယ်(၁) နာရီမှာ လာပစ်တယ်။ ပေါင် ၆၀ Drop ဗုံးချတယ်။ လူထိခိုက်မှုတော့ မသိရသေးဘူး။ အသေးစိတ်တော့ မသိရသေးဘူး။”ဟု TNLA စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် မိုးကုတ်မြို့ကို လေကြောင်းမှ (၇)ကြိမ်ထက်မနည်း ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်ပြီး လူထိခိုက်မှုရှိ၊ မရှိကိုမူ မသိရသေးပါ။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာလကလည်း စစ်ကောင်စီသည် မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲချရာ ဒေသခံ (၉)ဦးသေဆုံးပြီး (၁၃)ဦးဒဏ်ရာရရှိခဲ့သည်။  

မိုးကုတ်မြို့ကို TNLA ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ် ဇူလိုင်လတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီး နိုဝင်ဘာလ(၂၅) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲများကြောင့် စစ်ဘေးဒဏ် ဆိုးဝါးစွာခံစားနေရသည့် ဒေသခံများအတွက်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲများရပ်စဲရေးအတွက် တရုတ်နိုင်ငံကြိုးပမ်းမှုကို အသိအမှတ်ပြုသည့်အနေဖြင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု TNLA ဘက်က ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency

#TNA_MAT

Photo:CJ