တရုတ်နိုင်ငံ အနောက်ပိုင်းနှင့် နီပေါနယ်စပ်တလျှောက်တွင် အခြေပြု လှုပ်ခတ်သွားသည့် အားပြင်းသည့် ငလျင်ဒဏ်ကြောင့် တိဘက်ဒေသတွင် သေဆုံးသူ အရေအတွက် တိုးလာနေပြီး အရေးပေါ်ကယ်ဆယ်ရေး အဆင့် (၂) သတ်မှတ်လိုက်ကြောင်း တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တိဘက်ဒေသတွင် ဇန်နဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းက ကြုံရသည့် ငလျင်ကြောင့် ညနေပိုင်းအချိန်အထိ သေဆုံးသူ (၉၀)ကျော်အထိ တိုးလာသည်ဟု သိရသည်။
တရုတ်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် CCTV က တိဘက်ငလျင်ဒဏ်ကယ်ဆယ်ရေးကော်မတီကို ကိုးကား၍ ဖေါ်ပြချက်အရ တိဘက်တွင် နေအိမ်ပေါင်း တစ်ထောင်နီးပါး ပျက်စီးသွားပြီး လူပေါင်း ၁၃၀ ဒဏ်ရာရသည်ဟု ဖေါ်ပြထားသည်။
တိဘက်ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ပြန်လည်နေရာချထားရေးတို့အတွက် အသုံးပြုရန် ယွမ် မီလျံ (၁၀၀)ကို သဘာဝဘေးကယ်ဆယ်ရေးဗဟိုရန်ပုံငွေသို့ ထပ်ဖြည့်ထားသည်ဟု တရုတ် ဘဏ္ဍာရေးနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က သတင်းထုတ်ပြန်သည်။
ငလျင်သည် တရုတ် - နီပေါနယ်စပ် ဧဝရတ်တောင်၏ အရှေ့မြောက်ပိုင်း မိုင် (၅၀)အကွာတွင် ဗဟိုပြုပြီး အနက် (၆)မိုင်ခန့်တွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည်ဟု အမေရိကန်ဘူမိစစ်တမ်းက မှတ်တမ်းတင်ထားပြီး တရုတ်က ပြင်းအား (၆.၈)မဂ္ဂနီကျုဟု မှတ်တမ်းတင်ထားသည်။
အဆိုပါ ငလျင်ဒဏ်ကို နီပေါ အရှေ့မြောက်ပိုင်းတွင်လည်း သိသာစွာ ခံစားရသော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။