ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအတွင်း (၉၀)ရာခိုင်နှုန်းကျော် နေအိမ်များ နစ်မြုပ်နေရာ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန် အထိ ရေပြန်မကျသေးကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
ရေပြန်မကျသေးသည့် အင်းလေးဒေသတွင် ဒေသခံများ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အသုံးအဆောင်၊ စက်သုံးဆီနှင် ဆေးဝါးများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
"အင်းထဲအခြေအနေက ရေမကျသေးပါဘူးဗျ။ ညောင်ရွှေဆိုင်းဘုတ်ကနေစပြီး ရေတက်နေတော့ သွားမရတော့ဘူးဗျ။ အင်းထဲမှာက အစားအစာအဓိက ပြတ်လပ်နေပါတယ်။ ကိုယ့်အစီစဥ်နဲ့ကိုယ် ရွာအတွက် စုဝယ် ချက်နေရတဲ့ ရွာတွေများတယ်။"ဟု ကူညီပေးနေသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
လာရောက်လှူဒါန်းသူများမှာ အနီးဝန်းကျင်မြို့များကသာ တနိုင်တပိုင် လာရောက်လှူဒါန်းခြင်းကြောင့် တစ်ရက်စာ၊ နှစ်ရက်စာရရှိကြပြီး ပြည်မဘက်က လာရောက်လှူဒါန်းသည့်အဖွဲ့မှာ စက်တင်ဘာလ(၁၇)ရက်နေ့အထိ မရှိသလောက်ဖြစ်နေသည်ဟု သိရသည်။
"အင်းသားတွေဆိုတော့ ပြန်လည်ထူထောင်ရေးအတွက် ထွေထူးမလိုပေမဲ့ လက်ရှိ စားဖို့ မရှိကြတာက ပြသနာပဲ။ ဘုန်းကြီးကျောင်းတွေ တက်နေကြရတယ်။ မန်းကျည်းပင်ရွာက ဒေသခံတွေဆို ဘုန်းကြီးကျောင်း မဆံ့လို့ တောင်ခြေမှာ တဲထိုးနေနေကြရတာ။"ဟု ၎င်းက ဆက်ပြောသည်။
ဒေသခံများမှာ ဆန် နှင့် သောက်သုံးရေ အပါအဝင် စားနပ်ရိက္ခာများ၊ အသုံးအဆောင်၊ စက်သုံးဆီနှင့် ဆေးဝါးများ လိုအပ်နေပြီး ဝမ်းပျက်ရောဂါ၊ ချောင်းဆိုးနှင့် ယားနာ စသည်တို့ဖြစ်ပွားနေသည်ဟု သိရသည်။
အင်းလေးကန်ထဲသို့ ဟဲဟိုး ၊ ရွှေညောင်နှင့် ညောင်ရွှေတို့မှ စီးဆင်းလာသည့် မိုးရေခံချောင်း ( ၁၂ ) ချောင်းရှိပြီး ၊ ရေထွက်ပေါက်အနေဖြင့် မိုးဗြဲဆည်ဘက်သို့ ရေထွက်ပေါက် တစ်ခုသာရှိသည့်အတွက် အင်းလေးဒေသတွင် ရေကြီးပါက တခြားဒေသနှင့်မတူဘဲ ရက်ပိုင်းအတွင်း ရေပြန်မကျဘဲ လနှင့်ချီအောင် ကြာမြင့်တတ်သည့်အတွက် ဒေသခံများ နေထိုင်စားသောက်ရေး စိုးရိမ်ပူပန်နေရကြောင်း သိရသည်။
#TachileikNewsAgency
Photo: CJ