ထီးလင်းမြို့တွင်းသို့ လက်နက်ကြီး အလုံး ၄၀ ကျော်ကျ 

ထီးလင်းမြို့တွင်းသို့ လက်နက်ကြီး အလုံး ၄၀ ကျော်ကျ 

မကွေးတိုင်း ထီးလင်းမြို့တွင်း၌ ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီး အလုံး(၄၀)ထက်မနည်း ကျရောက်ပေါက်ကွဲသံများကြားနေရသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ယနေ့ နံနက် (၁၀)နာရီခွဲကစတင်ကာ နေ့လယ်ပိုင်းအထိ ထီးလင်းမြို့တွင်း နေရာအများအပြားသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အသေးစိတ်အခြေအနေကိုမူ မသိရသေးပါ။

“ပေါက်ကွဲသံတွေက ကြားနေရတယ်ဗျ။ အသေးစိတ်အခြေအနေကတော့ မသိရသေးဘူး။”ဟု ထီးလင်းမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်နက်ကြီးများ ကျရောက်ပေါက်ကွဲရာနေရာများမှာ မြို့နယ်ထွေအုပ်ရုံးအနီးဝန်းကျင်သို့ (၉)လုံး၊  မြို့နယ်စိုက်ပျိုးရေးရုံးအနီးသို့ (၄)လုံး၊ မြို့နယ်စိုက်ပျိုးရေးဘဏ်အနီးသို့ (၃)လုံး၊ မြန်မာ့စီးပွားရေးဘဏ်အနီးသို့ (၄)လုံး ၊ မြို့အရှေ့ဖက် ရုပ်/သံ ကုန်းအနီးသို့ (၅)လုံး၊ ရုပ်/ သံကုန်း အနောက်ဖက်သို့ (၄)လုံး၊ မြို့မရဲစခန်းဝင်းသို့ (၄)လုံး၊ အမှတ်(၁)ရပ်ကွက် စာသင်ကျောင်းအနီးသို့ (၃)လုံး၊ ထီးလင်းမြို့ ဘုန်းတော်ကြီးကျောင်းအနီးသို့ (၂)လုံး၊ မြို့နယ်ခန်းမ ရွှေထီးခန်းမအနီးသို့ (၄)လုံး ကျရောက်ပေါက်ကွဲသည်ဟု ယောအလင်းတန်းက ဖော်ပြသည်။

“လက်နက်ကြီးကျတာတော့ ဟုတ်ပါတယ်ဗျ။ အတည်ပြုလို့ရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ပါဝင်တဲ့ အဖွဲ့အစည်း‌တွေက သတင်းထုတ်ပြန်ကြေငြာမှပဲ အတည်ပြုလို့ရပါမယ်ခင်ဗျာ။”ဟု ထီးလင်းမြို့နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက Tachileik News Agency ကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို သီးခြားအတည်မပြုနိုင်သေးဘဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထီးလင်းမြို့မရဲစခန်းအတွင်းရှိ လူပျိုဆောင်၊ ရုပ်/သံကုန်းလမ်းဆုံအနီးမှ နေအိမ် မီးဖိုဆောင်ပျက်စီးကာ လူထိခိုက်မှုရှိ၊ မရှိကိုမူ မသိရသေးဟု ယောအလင်းတန်းက ဖော်ပြသည်။

#TachileikNewsAgency

#TNA_MAT