စစ်ကိုင်းမြို့အနီး ပျူစောထီးကျေးရွာနှင့် ဆားတောင်နယ်မြေရဲစခန်းတို့အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းမြို့အနီး ပျူစောထီးကျေးရွာနှင့် ဆားတောင်နယ်မြေရဲစခန်းတို့အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

မန္တလေးတစ်ဖက်ကမ်း စစ်ကိုင်းမြို့အနီး ပျူစောထီးကျေးရွာနှင့် ဆားတောင်နယ်မြေရဲစခန်းတို့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တစ်ရက်အတွင်း ဒရုန်းဖြင့် ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Phoenix–Sagaing အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျူရွာအား မေလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် Fix Wing Droneဖြင့် ဗုံးသီး (၄)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင်ပြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Phoenix–Sagaing အဖွဲ့မှ ဆိုသည်။

ထို့အပြင် စစ်ကိုင်းမြို့နှင့် မိုင် (၃၀)ခန့်အကွာရှိ ဆားတောင်နယ်မြေရဲစခန်းအား မေလ (၂၇)ရက် နေ့လယ် (၁၁)နာရီခန့်တွင် Fix Wing Drone ဖြင့် ဗုံးသီး (၇)လုံးချ တိုက်ခိုက်ခဲ့ပြီး နယ်မြေရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုများရှိနိုင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Phoenix–Sagaing၊ စစ်ကိုင်းမြို့နယ်(ပကဖ)-ဒရုန်းတပ်ဖွဲ့၊ Young Wolf(LPDF)၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Force၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်းနှင့် နယ်မြေခံ တော်လှန်ရေး အင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပိုမိုလုပ်ဆောင်လာပြီး ပြီးခဲ့သည့် မေလ (၂၂) ရက်နေ့ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဆားတောင်နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး (၄)လုံးချ တိုက်ခိုက်ခဲ့ကာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

#TachileikNewsAgency