နိုင်ငံတဝှမ်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီက ရေတပ်အတွက် သာလွန်မင်း အမည်ရှိ စစ်သင်္ဘောကို ရှန်ပိန်ပုလင်းခွဲပြီး ဂုဏ်ပြုကာ ရေချ

နိုင်ငံတဝှမ်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီက ရေတပ်အတွက် သာလွန်မင်း အမည်ရှိ စစ်သင်္ဘောကို ရှန်ပိန်ပုလင်းခွဲပြီး ဂုဏ်ပြုကာ ရေချ

 နိုင်ငံတဝှမ်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လေတပ်အတွက် စစ်လေယာဉ် အင်အားထပ်မံဖြည့်တင်းပြီးနောက် ရေတပ်အတွက်လည်း “သာလွန်မင်း”ဟု အမည်ပေးထားသော စစ်ရေယာဉ်ကြီးတစ်စီးကို ထပ်မံအင် အားဖြည့်တင်းသည်ဟု စစ်ကောင်စီက ယမန်နေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ဖော်ပြသည်။

ရခိုင်နှင့် မွန်လူမျိုးများကို တိုက်ခိုက်ခဲ့သော “သာလွန်မင်း”အမည်ကိုယူကာ နိုင်ငံ၏ ပြည်တွင်းရန်ကိုနှိမ်နင်းခြင်း၊ ပြည်ပရန်ကိုကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည် ဖော်နိုင် ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါရေယာဉ်သည် (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမျိုးအစားဖြစ်ပြီး အမည်ပေးခြင်း အခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖတ်ကြားသည့်အပြင် "ရှန်ပိန်ပုလင်းခွဲ၍ ရေယာဉ်ကြီးအားရေချပေးပြီး တပ်မတော်(ရေ) စစ်တီးဝိုင်း တပ်ဖွဲ့မှ ဂုဏ်ပြုတီးမှုတ်ကြသည်"ဟု  သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

အဆိုပါ စစ်ရေယာဉ်ကို စစ်ကောင်စီတပ်က  ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစား အကြီးမားဆုံးဖြစ်ပြီး လက်နက်နှင့် လက်နက်စနစ်ပိုင်းတို့ကို ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ထားသည်ဟု ဖော်ပြထားသည်။

အလျား(၁၃၅)မီတာ၊ အနံ(၁၄.၅)မီတာ၊ အမြင့်(၉)မီတာ၊ ရေစူး(၄.၁)မီတာ၊ ဝန်ပြည့်အလေးချိန်(၃၅၀၀)တန်ရှိပြီး အမြန်နှုန်း တစ်နာရီလျှင် ရေမိုင်(၃၀)အထိမောင်းနှင်နိုင်သည်ဟုလည်း သိရသည်။

စစ်ကောင်စီတွင် ရေငုပ်သင်္ဘောနှစ်စီး အပါအဝင် စစ်ရေယာဉ်ပေါင်း(၂၂၇)စီးရှိပြီး အာဏာသိမ်းပြီး (၃)နှစ်ကျော် ကာလအတွင်း ရခိုင်စစ်မျက်နှာပြင်တွင် ရေယာဉ်ပေါင်း (၆)စီးခန့်ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၅)ရက်နေ့ကလည်း စစ်ကောင်စီ၏ လေတပ်(၇၇)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင်  ဂျက် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ ထောက်ပို့လေယာဉ်နှင့် ရဟတ်ယာဉ်များ အနည်းဆုံး(၈)စီးခန့်ကို အားဖြည့် သည်ဟု သိရသည်။

အားဖြည့်ထားသည့် လေယာဉ်များထဲတွင် လူ့အခွင့်အရေးများကို လေးစားလိုက်နာမည်ဟုဆိုသော ဥရောပ လေကြောင်းကုမ္ပဏီကြီး AIRBUS ‌၏ စီးပွါးမိတ်ဖက် တရုတ်နိုင်ငံပိုင် AVIC ကုမ္ပဏီနှင့် ၎င်းကုမ္ပဏီခွဲများက ထုတ် လုပ်သော FTC-2000G၊ K-8၊ Y-8 စသည့် လေယာဉ်မျိုးစုံလည်း ပါဝင်နေသည်။ 

 

ယခုနှစ် ဩဂုတ်လအတွင်းကလည်း တရုတ် AVIC ထုတ် FTC-2000G တိုက်လေယာဉ် (၆)စီးကို စစ်ကောင်စီက ထပ်မံအားဖြည့်ထားသေးသည်။

စစ်အုပ်စု၏ ဝါဒဖြန့်ဌာနများတွင် FTC-2000G (၆)စီး၊ K-8W (၁)စီး၊ Y-8 (၁)စီးနှင့် Mi-17 ရဟတ်ယာဉ်(၆)စီး အသစ် ဝယ်ယူထားသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စစ်ကောင်စီ၏ ရဟတ်ယာဉ်(၂)စီး၊  လေယာဉ်တစ်စီး၊ ကရင်နီတော်လှန်ရေးအင်အားစုက လေယာဉ်တစ်စီး ကရင်အမျိုးသား အစည်းအရုံး(KNU)က ရဟတ်ယာဉ်တစ်စီးတို့ကို ပစ်ချထားပြီး စက်ရှို့ယွင်းခြင်းကြောင့် ပျက်ကျသည့် ရဟတ်ယာဉ်နှင့် လေယာဉ် (၂) စီးခန့်လည်းရှိသည်။