ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းထံ စစ်ကူလာသော စစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု နဂါးနီစစ်ကြောင်းထံမှ သိရသည်။
စစ်ကာင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်ကစတင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၃၁)ရက်နေ့ ည နေ(၅)နာရီခန့်တွင် စစ်ကောင်စီတပ်များ တိုးမရတော့ဘဲ နောက်ပြန်ဆုတ်သွားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့မှုအား ဖောက်ထွက်နိုင်ရန် အမှတ်(၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ (၁၅၅)မမ ပစ်ကူများ၊ တိုက်လေယာဉ် (၂)စီးတို့ဖြင့် (၄)ကြိမ်၊ Y-12 လေယာဉ်ဖြင့် ဗုံးသီးများ၊ ဗျူဟာစခန်းအတွင်းမှ (၈၁)မမ ပစ်ကူများ အသုံးပြုသည်ဟု ဆိုသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင်လည်း တစ်နေ့လုံး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် (၃)စီးဖြင့် (၆) ကြိမ်၊ Y-12ဖြင့် ဗုံးသီးများကြဲချခြင်း၊ (၁၅၅) မမ၊ (၈၁) မမ များဖြင့် ပစ်ကူပေးခြင်းများ ပြုလုပ်သည်ဟု သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထံမှ လက်နက်ငယ် (၁၅)လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၃၄)ဦးခန့် သေဆုံးကာ ဒဏ်ရာရဦးရေ (၅၀)ဦး ဝန်းကျင်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် အနန်းကွင်းဗျူဟာစခန်းအတွင်း စစ်ကောင်စီတပ်သား အင်အား(၂၀၀)ကျော်ဖြင့် ရှိနေပြီး တော်လှန်ရေးတပ်များက ဆက်လက် ပိတ်ဆို့တိုက်ခိုက်နေသည်ဟု သိရသည်။
စစ်ကူလာသည့် စစ်ကောင်စီတပ်၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)၊ ခလရ(၂) ဗျူဟာမှူးဦးစီး အင်အား (၁၅၀)ကျော် စစ်ကြောင်းကို KNLA တပ်ဖွဲ့များ၊ နဂါးနီစစ်ကြောင်း(RDC)နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တို့မှ ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903