သံတွဲမြို့ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကောင်စီ နှင်ချ

သံတွဲမြို့ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကောင်စီ နှင်ချ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ဌာနအတွင်းနေထိုင်သူဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ယာ၌ နေထိုင်သူ ဝန်ထမ်းများကို စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် နှင်ချနေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။

သံတွဲမြို့တိုက်ပွဲအခြေအနေကြောင့် လုံခြုံရေးအရဟုဆိုကာ စစ်ကောင်စီက ဌာနအတွင်းနေထိုင်သူများ၊ အံတော်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ယာတွင်နေထိုင်သူများကို နှင်ချနေ၍ ယနေ့ညတွင် ပြင်ပ၌ ညအိပ်ရမည်ဟု ဆိုသည်။

"ဌာနဆိုင်ရာဝန်ထမ်းတွေကို ဒီညအပြင်မှာ ထွက်အိပ်ခိုင်းနေတာ။ အံတော်မှာရှိတဲ့ အိုးအိမ်ဝန်ထမ်းတွေကိုလည်း လုံခြုံရေးကြောင့်ဆို ပြီး နှင်ချနေတာ။"ဟု ဝန်ထမ်းတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က ဝန်ထမ်းများကို နေရာစီစဉ်ပေးမည်ဟုဆိုကာ ပြောင်းရွှေ့ခိုင်းနေပြီး မည်သည့်နေရာတွင် စီစဉ်ပေးမည်ကို မသိရ သေးဟု ဆိုသည်။

"တခြားနေရာကို ပြောင်းပေးမယ်လို့ပြောတယ်။ ဘယ်နေရာလဲ မသိရသေးဘူး။ လုံခြုံရေးအခြေအနေကြောင့်လို့ပြောတယ်။ ကျွန်တော်တို့က မိသားစု အဆင်မပြေလို့သာ လုပ်နေကြရတာ။ စစ်ကောင်စီနဲ့တော့ အဆင်မပြေဘူး။"ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ရှိဌာနဆိုင်ရာ ဝန်ထမ်းတချို့သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။

"ရွှေလှေမှာ တိုက်ပွဲဖြစ်တုန်းကလည်း ရေအားကလူတွေကိုတော့ ဟိုတစ်လောကပြောင်ထားတယ်။ အခုပြောင်းခိုင်းတာမှာ ထွေအုပ်တော့မပါဘူး။"ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူများကာ သံတွဲဆေးရုံသို့ လူနာတင်ယာဉ်များနှင့် မကြာခဏ ပို့ဆာင်နေရသည်ဟုလည်း ဆိုသည်။

ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ သံတွဲလေဆိပ်အနီးတွင် တိုက်ပွဲဖြစ်ကာ ဟိုတယ်ဝန်းများအ တွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသည်ဟုလည်း သိရသည်။

ငပလီဒေသခံများ၏ ပြောဆိုချက်အရ အာရက္ခတပ်တော်(AA)သည် ဂေါ့ရွာအနီး မှိုဟင်းပြင်ရွာရှိ စစ်ကောင်စီ၏ ခမရ(၅၆၆) တပ်ထံ ဦးတည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုဆိုသော်လည်း Tachileik News Agency အနေဖြင့် တိကျသည့် အချက်အလက် မရထားပါ။

ပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့ ညပိုင်းက စတင်ကာ ဂေါ့ရွာအနီးတွင် တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီက လက်နက်ကြီးအပြင်  တိုက်လေယာဉ်နှင့် Y12 လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်သည်။

ယင်းနေ့တိုက်ပွဲတွင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးရကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ထိမှန်ခဲ့သည်။

လက်ရှိတွင် သံတွဲလေဆိပ်ကိုလည်း ပိတ်ထားရပြီး ခရီးစဉ်များအားဖျက်သိမ်းလိုက်ရကာ လေဆိပ်မှလာနိုင်သည့် ငပလီလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားသည်ဟု သိရသည်။

ဂေါ့ရွာပြီးပါက ငပလီဟိုတယ်ဇုန်ဖြစ်ပြီး ဇွန်လ(၃)ရက်နေ့က တိုက်ပွဲ တွင် ဟိုတယ်နှစ်လုံးလည်း လက်နက်ကြီး ထိမှန်ခဲ့သည်။

#TachileikNewsAgency