လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် စခန်းများအား တော်လှန်ရေးတပ်ပေါင်းစု သွားရောက်တိုက်ခိုက်

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် စခန်းများအား တော်လှန်ရေးတပ်ပေါင်းစု သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် စခန်းများအား မဟာမိတ်များနှင့်အတူ သွားရောက်တိုက်ခိုက်ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် စခန်းများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ထားဝယ်ခရိုင် တပ်ပေါင်းစုက ဦးဆောင်ပြီး ဒေါနစစ်ကြောင်း တပ်ခွဲ (၇)၊ ဖက်ဒရယ် ဓူဝံတပ်ဖွဲ့နှင့် နွေဦးပြောက်ကြားတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စွဲထားသည့် စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူး အပါအ၀င် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား (၄၀) ဦးနှင့်အထက် သေဆုံးခဲ့ကာ အမှတ် (၄၀၃) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် (၂) ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်တချို့လည်း (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့နောက် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် စစ်ကောင်စီမှ ကြည်း၊ ရေ ၊ လေ ဖြင့် ကျောက်နီမော်ကျေးရွာရှိ စခန်းများ မကျစေရန် အင်အား အလွန်အကျွံ အသုံးပြု၍ ခုခံခဲ့သဖြင့် တော်လှန်ရေးတပ်ပေါင်းစုမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထားဝယ်ခရိုင်တပ်ပေါင်းစုတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ အမှတ်(၂) တပ်ရင်း နှင့် ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ ပါဝင်သည်။

#TachileikNewsAgency

#TNA_LE

Photo: စစ်ကောင်စီ တပ်စွဲထားသည့် နေရာများနှင့် ဘန်ကာများအား တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးခဲ့စဥ်