စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ သယံဇာတကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအရိန္ဒမာ ပစ်ခတ်လုပ်ကြံခံရသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတူးခေါင်က ပြောသည်။
ကောလင်းမြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအရိန္ဒမာကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းကလုံးရွာနှင့် ရွှေတွင်းရွာကြား၌ ဦးခေါင်းအား သေနတ်နှင့်တေ့ကာ ပစ်ခတ်လုပ်ကြံသွားခြင်းဖြစ်သည်ဟုလည်း သိရသည်။
“အင်မတန် အလုပ်ကြိုးစားတဲ့ စာအုပ်ကြီးသမား CDM (ECD ဦးစီးအရာရှိ) ဝန်ထမ်းကောင်း တစ်ယောက် ဆုံးရှုံးရလို့ MONREC ရုံးအဖွဲ့သားများနှင့် လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေအားလုံးလည်း မိသားစုနှင့်အတူ ဝမ်းနည်းရပါကြောင်း ဖေါ်ပြလိုပါတယ်။”ဟု ဒေါက်တာတူးခေါင်က ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
အစောပိုင်းတွင် ဆိုင်ကယ် မတော်တဆမှုကြောင့်ဟု သတင်းပို့လာသော်လည်း စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရသည်ကို အတည်ပြုသည်ဟုလည်း ဆိုသည်။
“မိသားစုမှာ သမီးလေးတစ်ယောက်ကျန်ခဲ့တယ်။ ပူဆွေးသောကကို အများသိအောင် ဖေါ်ပြလို့တောင်မရတဲ့ ဘဝတွေပါ။ အလုပ်လုပ်တဲ့နေရာမှာ ဆရာ့ရဲ့ တိကျသေချာမှု၊ စနစ်ကျမှု၊ အဂတိကင်းမှုတန်ဖိုးတွေကို အမြဲအမှတ်ရနေမှာပါ။”ဟုလည်း ဒေါက်တာတူးခေါင်က ရေးသားထားသည်။
အခင်းဖြစ်ပွားခဲ့သော ကောလင်းအနောက်ခြမ်းမှာ တော်လှန်ရေးအင်အားစု စိုးမိုးရာဒေသဖြစ်ပြီး လက်ရှိတွင် စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဒေါက်တာတူးခေါင်က ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူများထံ Tachileik News Agency က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၄)ရက်နေ့ကလည်း ကနီမြို့နယ်တွင် NUG ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံရပြီး ယနေ့အထိ ဖမ်းမမိသေးဟု သိရသည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ ဖြစ်ခဲ့တဲ့အဖြစ်ပျက် မှတ်တမ်းယူပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကျူးလွန်တဲ့ တရားခံပေါ်ပေါက်ဖို့အတွက် အဲဒီဒေသတွင်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးသဖြင့် ရဲတပ်ဖွဲ့ပေါ့နော် ဒါကို စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တိုက်တွန်းထားတာရှိတယ်။”ဟု NUG အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ထို့အပြင် တရားမျှတမှုပေါ်ပေါက်လာပါကလည်း ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည်ဟုလည်း သူကပြောသည်။
#TachileikNewsAgency
#TNA_MAT