မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဦး သေဆုံးပြီး (၂၇)ဦး ဒဏ်ရာရထားသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ ည(၈)နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ရာ နေအိမ်နှင့် ဘာသာရေးအဆောက်အဦးများ ပျက်စီးပြီး အရပ်သားများ ထိခိုက်၊ သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး (၁၆)ဦးမှာ ပြင်းထန်ဒဏ်ရာရကာ (၁၁)ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိသည်ဟု သိရသည်။
“ဒဏ်ရာပြင်းထန်သူနဲ့ မစိုးရိမ်ရဒဏ်ရာရသူ စုစုပေါင်း (၂၇) ဦးပါ။ ဒဏ်ရာရထားသူတွေ အားလုံးကတော့ အရွယ်သုံးပါးလုံးပါတယ်။ (၅) နှစ်သားအရွယ်ကနေပြီးတော့ အသက်(၅၀)အရွယ်လောက်အထိပါတယ်။ သာမန်ပြည်သူတွေနေထိုင်တဲ့ကြားထဲကို လေကြောင်းတိုက်ခိုက်သွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ထို့အပြင် အရပ်သားနေအိမ် (၂၃)လုံး၊ မီးသတ်ရုံး၊ ဘာသာရေးအဆောက်အဦး(နတ်နန်း)၊ မေတ္တာစမ်းရေလူမှုကယ်ဆယ်ရေးရုံးနှင့် ကူညီကယ်ဆယ်ရေးကား(၅)စီးတို့ ပျက်စီးသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: Bo Linn Yone