ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးပေးရန် အာရက္ခတပ်တော်(AA)ကို တိုက်တွန်းခြင်းများရှိသည်ဟု NUG အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
ရခိုင်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရနိုင်သမျှစုံစမ်းမှတ်တမ်းတင်ထားပြီး ဒေသတွင်း၌ရှိသည့် အဖွဲ့အစည်းများနှင့် အာရက္ခတပ်တော်(AA)တို့ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးရန်၊ ရပ်တည်ချက်များကို ပွင့်ပွင့်လင်းလင်းပြောကြားပေးရန် တိုက်တွန်းခြင်းများရှိသည်ဟု ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် Tachileik News Agency ၏ မေးခွန်းကို ပြန်လည်ဖြေကြားသည်။
“ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာကိစ္စပေါ့နော်။ ဒါကတော့ ဘယ်သူတွေပဲ ကျူးလွန် ကျူးလွန် လူ့အခွင့်အရေးချိုးဖောက်မှုကို ကျွန်တော်တို့ မှတ်တမ်းတင်မှုလုပ်ဆောင်ပါတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုတွေ နောက်တခါ ဒီလိုမျိုးတိုက်ခိုက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ရနိုင်သမျှစုံစမ်းပါတယ်။”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက Tachileik News Agency ကိုပြောသည်။
ထိုသို့ စုံစမ်းသည့်အခါတွင် သေချာလေ့ကျင့်ထားသည့် သတင်းအချက်အလက် ကောက်ယူနိုင်သူမရှိခြင်းအပြင် သတင်းကို သေချာစီစစ်ပြီး လုပ်ဆောင်နိုင်သည့် အခြေအနေမျိုးမရှိသဖြင့် အချက်အလက်များကို ရနိုင်သမျှ မှတ်တမ်းတင်ထားကာ တာဝန်ရှိသော ဒေသတွင်းအဖွဲ့အစည်းများ၊ အရက္ခတပ်တော်(AA) စသည့်အဖွဲ့များကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးရန် တိုက်တွန်းခြင်းများရှိသည်ဟု ဆိုသည်။
ထို့အပြင် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများလုပ်နိုင်ရန် ရခိုင်ဒေသအတွင်း လွတ်လပ်ပြီး စွမ်းဆောင်ရည်ရှိသော အဖွဲ့များ၏ စုံစမ်းမှုကို ခွင့်ပြုပေးရန်လည်း တိုက်တွန်းပြောဆိုမှုများ လုပ်ဆောင်သည်ဟု ဝန်ကြီးက ဆိုသည်။
“ဒါမျိုးလုပ်ဆောင်ခြင်းအားဖြင့် ပိုမိုပြီးတော့ စွပ်စွဲမှုတွေလား တကယ့်ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေလား ဒါနဲ့ ပတ်သက်ပြီးတော့ ဖြစ်ရပ်မှန်တွေကို တာဝန်ရှိတဲ့သူတွေ ဘယ်သူလဲ ဘယ်လိုမျိုးပုံစံဖြစ်လဲဆိုတဲ့ အချက်တွေ ဖြစ်နိုင်ဖို့အတွက် အကြံပေးမှုတွေကို လုပ်ဆောင်နေပါတယ်။”ဟု ၄င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို NUG ဘက်က စာရင်းပြုစုထားသော တိုင်းနှင့်ပြည်နယ် အလိုက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုတွင် ရခိုင်ပြည်နယ်သည် ၂၀၂၄ခုနှစ်အတွင်း အမှုပေါင်း (၉၈၈) မှုဖြင့် တတိယနေရာမှ ရပ်တည်နေသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း(၁၇)ခုရှိသည့်အနက် (၁၄)မြို့အထိ သိမ်းပိုက်ထားပြီးဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:EL PAIS