နိုင်ငံတဝှမ်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုတိုးလာဟု NUG ပြော

နိုင်ငံတဝှမ်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုတိုးလာဟု NUG ပြော

နိုင်ငံတဝှမ်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ၂၀၂၃ခုနှစ်ထက် ပိုမိုများပြားလာပြီး ၂၀၂၄ခုနှစ်အတွင်း (၇၃၉၄) မှုအထိရှိလာသည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထံမှ သိရသည်။

၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် (၄၃၇၂) မှုရှိခဲ့ရာက ၂၀၂၄ ခုနှစ်တွင် (၇၃၉၄) မှုအထိရှိလာပြီး တရားလက်လွတ်သတ်ဖြတ်မှုများသည် အများဆုံးဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီက မြေပြင်မှာ ကျရှုံးမှုရှိလာလေ ပြည်သူလူထုအပေါ်မှ ပိုပြီးရက်ရက်စက်စက်သတ်ဖြတ်တာတွေ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အခြေခံပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားလုပ်လာတာဖြစ် ပါတယ်။”ဟု အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို NUG ဘက်က စာရင်းပြုစုထားရာတွင် အမှု(၂၀)ခုရှိပြီး တရားလက်လွတ်သတ်ဖြတ်မှုမှာ ၂၀၂၃ခုနှစ်တွင် (၁၁၃၉) မှုရှိရာက ၂၀၂၄ခုနှစ်တွင် (၁၇၈၇) မှုအထိ တိုးလာသည်ဟု ဆိုသည်။

NUG ဘက်က စာရင်းပြုစုထားသည့် စစ်ကောင်စီဘက်က ပြုလုပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ တရားလက်လွတ်သတ်ဖြတ်မှု၊ ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ မတရား ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ နေရပ်မှ ရွှေ့ပြောင်းခိုင်းခြင်း၊ တရားလက်လွတ် ချုပ်နှောင်ထားခြင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ဘာသာရေးအဆောက်အဦးများကို ဖျက်ဆီးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်း၊ အစအန ဖျောက်ခြင်း၊ မမျှတသော တရားစီရင်ရေး၊ ဆေးရုံ၊ ဆေးခန်းများကို တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကလေးစစ်သား၊ အလုပ်သမားအခွင့်အရေး၊ လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းများကို တိုက်ခိုက်ခြင်း၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ကန့်သတ်ခြင်းနှင့် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်တို့ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် (၁၂၄၃)မှု ရှိခဲ့ရာက ၂၀၂၄ ခုနှစ်တွင်(၁၁၅၂)မှုအထိ တိုးလာခဲ့ကာ စစ်ကိုင်းတိုင်းပြီးနောက် ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့သည် အများဆုံး လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဟု ဆိုသည်။

“ဒါတောင်မှ မြေပြင်ကနေ သတင်းမပေးပို့နိုင်တဲ့အချက်တွေ ပျောက်ဆုံးသွားတဲ့ သတင်းအချက်အလက်တွေ ရှိနေနိုင်ပါသေးတယ်။ ဆိုတော့ ဒါကဘာကိုပြနေလဲဆိုတော့ အကြမ်းဖက်စစ်တပ်က အခုအချိန်မှာ အဖက်ဖက်က ယိုယွင်းပျက်စီးနေပြီးတော့ ကျဆုံးနေသည့်တိုင်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်။”ဟု အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ကောင်စီသည် သာမန်လူ့အခွင့်အရေးဆိုသည်ထက် နိုင်ငံတကာမှ သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်နေသည့် အဆင့်ကိုရောက်ရှိနေသဖြင့် နိုင်ငံတကာရာဇဝတ်များတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ရာဇဝတ်မှု (၃)မှုကို ရွေးချယ်၍ စုဆောင်းတင်ပြခြင်း၊ အရေးယူနိုင်ရန် လုပ်ဆောင်ခြင်းများ ပြုလုပ်နေသည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

“ပထမဦးဆုံး War Crime(စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု)ဖြစ်ပါတယ်။ War Crime ဆိုတော့ အခုလောလောဆယ်ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို သို့မဟုတ် စစ်သုံ့ပန်း တိုက်ပွဲမှာ မပါဝင်တော့တဲ့သူတွေကို ရည်ရွယ်ချက်ထားပြီးတော့ ကျူးလွန်တဲ့အမှုမျိုး ဒါတွေကို ကျွန်တော်တို့ အများအပြား ကောက်ယူရရှိတာတွေ့ရပါတယ်။”ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် လူသားမျိုးနွယ်အပေါ်တွင် ကျူးလွန်သည့် ရာဇဝတ်မှုများကိုတွေ့ရပြီး စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများကို အမြောက်အများ နေရာဒေသအများအပြားတွင် စနစ်တကျပစ်မှတ်ထား ကျူးလွန်မှုနှင့် လူမျိုး၊ ဘာသာ၊ အုပ်စုတစ်စုကို ဦးတည်၍ကျူးလွန်သည့် ရာဇဝတ်မှုမျိုးကိုလည်း တွေ့ရသဖြင့် စစ်ခေါင်းဆောင်များအား အရေးယူနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေသည်ဟု သိရသည်။

“မြန်မာပြည်မှာ ပြည်သူလူထုတွေ အခုလောက်ထိ ရာဇဝတ်မှုတွေ ကျူးလွန်ခံရပြီး သေဆုံးတဲ့အပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်မှု အားနည်းတာ တကယ့်ကိုစိတ်တော့ မကောင်းဘူးဗျ။ လက်ရှိမြန်မာပြည်မှာဖြစ်နေ တာဟာ မြန်မာနိုင်ငံတစ်ခုတည်းမကဘဲနဲ့ ဒေသန္တရတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်တဲ့အရာတွေဖြစ်တယ်။”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့အထိ အကြမ်းဖက်စစ် အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၉၂)ဦး ရှိပြီဟု ဆိုသည်။ 

 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၈၀၈၂)ဦးရှိပြီး ထိုအထဲမှ (၂၁၄၈၅)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၄၄)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြထားသည်။

#TachileikNewsAgency

#TNA_MAT