တိုင်းနှင့်ပြည်နယ်အတွင်း ကျေးလက်ဒေသ အများအပြားတွင် စစ်ကောင်စီတပ်၏ မီးရှို့၊ လူသတ် အကြမ်းဖက်မှုများကြောင့် လူဦးရေ သန်းချီကာ ထွက်ပြေး တိမ်းရှောင်နေရချိန်တွင် မြန်မာနိုင်ငံသားများ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် မေတ္တာထားရန်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာသည်။
ထို့အပြင် မိန့်ခွန်းအဖွင့်တွင်လည်း ယနေ့ကျရောက်သည့် ၂၀၂၅ ခုနှစ်၏ နှစ်သစ်ကူးအခါသမယတွင် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်း သာခြင်းတိုနှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေဟုလည်း စစ်ခေါင်းဆောင်က ပြောဆိုသည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ကလည်း စစ်ခေါင်းဆောင်သည် ကရင်လူမျိုးများအား ယဉ်ကျေးမှုထိန်းသိမ်းရန် တိုက်တွန်းသည်ဟု ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့ ပြောဆိုခဲ့ပြီးနောက် မွန်ပြည်နယ် သထုံခရိုင်နှင့် ကရင် ပြည်နယ် ဖာပွန်ခရိုင်အတွင်း ပြုလုပ်နေသည့် ကရင်နှစ်သစ်ကူးပွဲတော်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်။
အဆိုပါပြောဆိုချက်သည် ၎င်းတို့ လိုလားသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးတို့သည် စစ်ဘောင်အတွင်းက ထားရာနေ၊ စေရာသွားဆိုသော အဓိပ္ပာယ်ဖော်ဆောင်နေသည်ဟုလည်း KNU ဘက် က တုန့်ပြန်ထားသည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ(၆,၀၈၇)ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဒီဇင်ဘာလ (၂၇)ရက်နေ့က ဖော်ပြချက်အရ သိရသည်။
ထို့အပြင် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၈,၀၅၁)ဦးရှိပြီး ထိုအထဲမှ(၂၁,၄၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၉၃၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရ သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်အထိ လေးနှစ်နီးပါး ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံအနှံ့ တွင် အရပ်သားနေအိမ် တသိန်းကျော် (၁၀၆,၄၀၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အများစုမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း သိရသည်။
လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း (၇၃,၉၇၄)လုံး ဆုံးရှုံးခဲ့ပြီး ၊ အဆိုပါ ဆုံးရှုံးမှုသည် တနိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ် စုစုပေါင်း၏ (၆၉) ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
ထို့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းများတွင်လည်း မီးရှို့ဖျက်ဆီး ခံရမှုများကြောင့် အရပ်သား နေအိမ်ပေါင်း (၂၉,၆၉၆)လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် အရပ်သား နေအိမ် (၂,၁၁၁)လုံး၊ ၂၀၂၂ ခုနှစ်တွင် (၄၆,၈၅၆) လုံး၊ ၂ဝ၂၃ ခုနှစ်တွင် (၃၁,၆၃၃) လုံးနှင့် ၂ဝ၂၄ ခုနှစ်(စက်တင်ဘာလ ကုန်အထိ)တွင် (၂၅,၈၀၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လအလိုက် မီးရှို့ဖျက်ဆီးခံရမှုများအရ ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာ လတွင် အများဆုံးဖြစ်ခဲ့ပြီး နေအိမ် (၁၀,၅၆၂)လုံး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။