မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် စစ်ဆေးရေးဂိတ်မှ ပြန်လာသည့် စစ်ကောင်စီတပ်သား (၄)ဦးကို တော်လှန်ရေးတပ်များက ပစ်ခတ်ပြီးနောက် လက်နက်ခဲယမ်းများ သိမ်းဆည်းလိုက်သည်ဟု သိရသည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့က ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်မှ မြို့တွင်းသို့ပြန်လာသည့် စစ်ကောင်စီတပ်သား (၄)ဦးကို ဂိတ်အနီးတွင် တော်လှန်ရေးတပ်များက ပစ်ခတ်ရာ (၄)ဦးလုံးသေဆုံးသည်ဟု ဆိုသည်။
“အင်အား (၄)ဦးနဲ့ ပြန်လာတာ။ သူတို့ပါလာတဲ့ လက်နက်တွေ အကုန်ရတယ်။ မြို့ထဲဖြစ်တော့ သေဆုံးစစ်ကောင်စီတပ်သားတွေကို စစ်ဆေးလို့မရခဲ့ဘူးဗျ။ စစ်ကောင်စီတပ်သားဖြစ်ဖို့များပါတယ်။ ပျူစောထီးတို့ စစ်မှုထမ်းတို့ဆို MA 3 ကို ရှေ့တန်းတိုက်ပွဲမှမဟုတ်ရင် မြို့ထဲမှာ ပေးကိုင်တာနည်းတယ်ဗျ။”ဟု Young Force UG တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်များ ဂိတ်ဖွင့်ထားသည့် စက်မှုဇုန်သည် မြို့သစ်၊ ပခုက္ကူတို့နှင့် တဆက်တည်းဖြစ်ပြီး ပခုက္ကူ-ရေစကြိုလမ်းပေါ်၌ တပ်စွဲကာ ဖွင့်ထားသည့် ဂိတ်လည်းရှိသည်ဟု ဆိုသည်။
“ပစ်ခတ်မှုဖြစ်ပြီးတော့ မြို့အဝင်အထွက်တွေ ပိတ်တယ်။ စစ်ဆေးတာရှိတယ်။ ပြီးတော့ အဲဒီနား ဂိတ်က ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်ဗျ။ မဝေးဘူးလေ သူတို့ဂိတ်ကပြန်လာပြီး မီတာ(၃၀၀)အရောက်မှာ ကျွန်တော်တို့ ပစ်တာဆိုတော့။”ဟု ၄င်းက ဆက်ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများထံမှ MA-3 (၄)လက်၊ ကျည်ဘောက် (၈)ခု၊ ကျည် (၁၆၈)တောင့်နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။
တိုက်ခိုက်မှုကို မကွေးတိုင်း ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG၊ Pakokku People Defense Force နှင့် Pakokku Ranger တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_MAT
Video: Young Force UG