ကရင်နီ(ကယား)ပြည်နယ်၊ ငွေတောင်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်၏ ၁၀၂ တပ်ရင်း လက်နက်တိုက် ယနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ပေါက်ကွဲမီးလောင်သွားကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်သည်။
၎င်းတပ်သည် ယနေ့နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်အတွင်း KNDF ၊ KA ၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာနေ ရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့နေရင်းမှ လက်နက်တိုက်ပေါက်ကွဲမီးလောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် မီးငြိမ်းရန်ကြိုးစားခဲ့သော်လည်း ပူးပေါင်းတပ်များဖက်က တာဝေးပစ်လက်နက်ကြီးများ အသုံးပြုကာ ပစ်ခတ်ခြင်းကြောင့် မီးလောင်နေသည့် လက်နက်တိုက်မှာ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ညနေပိုင်းအထိ မီးလောင်ကျွမ်းနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်တိုက်ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်တွင်း အော်ဟစ်ဆူညံသံများ ညံနေသည်ဟုလည်း သိရသည်။
အဆိုပါ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့သော စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် အမှတ် (၁၀၂)တပ်ရင်းသည် နေ့စဥ်နီးပါး ကျေးရွာများဘက်ကို လက်နက်ကြီးများပစ်ခတ်နေသည့်တပ်ရင်းဖြစ်ကြောင်း သိရသည်။
၎င်းလက်နက်တိုက်ကို တပ်တွင်းမှ ပြန်လည်မီးရှို့သည်ဟု ယူဆနေကြသည်။