မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် Light Truck ကားတစ်စီးအား အသင့်စောင့်ကြိုတိုက်ခိုက်ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကံမမြို့ဘက်မှ ကံမ-ပြကြီး လမ်းပိုင်းအတိုင်း ထွက်ခွာလာသည့် အင်အား (၁၅) ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် Light Truck ကားတစ်စီးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ကံမမြို့နယ် ကျောက်မဲနှင့် ဖရုံလှကျေးရွာကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသင့်စောင့်ကြို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး ၊ (၅)ဦး ထိခိုက်ဒဏ်ရာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများအား ဥသျှစ်ပင် စစ်ဆေးရုံတွင် ကုသမှုခံယူနေပြီး ၊ ၎င်းတို့ထဲမှ ဒဏ်ရာပြင်းထန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး ထပ်မံသေဆုံးနိုင်သည်ဟု သတင်းရရှိထားကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား သရက်ခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၂)မိုင်းတပ်စိတ်မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း