နွားထိုးကြီးမြို့နယ်အတွင်း ကားပျက်၍ လမ်းလျှောက်ချီတက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

နွားထိုးကြီးမြို့နယ်အတွင်း ကားပျက်၍ လမ်းလျှောက်ချီတက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီဖောကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အလားတူ ကားပျက်၍ လမ်းလျှောက်ချီတက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း Natogyi People Defense Force ထံမှ သိရသည်။ 

၂၀၂၄ခုနှစ် ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၁)နာရီ ဝန်းကျင်တွင် နွားထိုးကြီးမြို့မှ ပြင်စီဘက်သို့ ထွက်လာသည့် အင်အား (၃၀) ခန့်ပါ စစ်ကောင်စီဖောကားတစ်စီးအား ရှောက်တောရိုးကွေ့အရောက်တွင် Natogyi People Defense Force မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ပြီး၊ ဖောကားပျက်စီးသွားသည်ကို မျက်မြင်တွေ့ခဲ့ကြောင်း Natogyi People Defense Force မှ ဆိုသည်။

ဇွန်လ (၁၈) ရက်နေ့ နေ့လယ်(၁)နာရီခန့်တွင် ကားပျက်၍ ဖက်ခူးကျေးရွာ အရှေ့ဘက်တွင် လမ်းလျှောက်ချီတက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီး (၄)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ပြီး အထိအခိုက်ကို စုံစမ်းဆဲဖြစ်ကြောင်း Natogyi People Defense Force မှ ဆိုသည်။

နွားထိုးကြီးမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်တက်လာနေပြီး ဇွန်လ (၆) ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ နွားထိုးကြီးနှင့် မြို့သာလမ်း၊ နွားထိုးကြီး-တောင်သာလမ်း၊ နွားထိုးကြီး-မလှိုင်လမ်း၊ မြင်းခြံ နှင့်မြစ်သားလမ်း မြစ်သားမြို့နယ်အစပ်အထိ နံနက် (၄) နာရီမှ ည (၉)နာရီအတွင်းသာ ကားများမောင်းနှင်ရန်နှင့် ကုန်တင်ကားများ မိုးကာအုပ်မောင်းနှင်ခြင်း မပြုရန် ၊ ကားများအားလုံး မှန်ချမောင်းနှင်ရန်နှင့် ညပိုင်းတွင် မီးဖွင့်မောင်းနှင်ရန် နွားထိုးကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် နွားထိုးကြီးပကဖမှ အသိပေးချက်ထုတ်ပြန်ထားသည်။

#TachileikNewsAgency