ချင်းညီနောင် ထိန်းချုပ်နယ်မြေများတွင် ပြည်သူရွေးချယ်ထားသည့် အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ချင်းညီနောင် ထိန်းချုပ်နယ်မြေများတွင် ပြည်သူရွေးချယ်ထားသည့် အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ချင်းပြည်နယ်အတွင်း ထိန်းချုပ်နယ်မြေများတွင် ပြည်သူလူထုရွေးချယ်မှုဖြင့် ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပြန်လည်နေရာချထားရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း ချင်းညီနောင်က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ကျရောက်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ယင်းသို့ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

ချင်းညီနောင် စိုးမိုးထိန်းချုပ်ရာ နယ်မြေများတွင် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သည့် Bottom Up Approach ဖြင့် စနစ်တကျ ဖွဲ့စည်းထားသော မြို့နယ်၊ ဒေသ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးများအပြင် တရားစီရင်ရေးနှင့် အခြားပြည်သူ့ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ချင်းညီနောင်အနေဖြင့် အနာဂတ်တွင် ချင်းပြည်သူများ အားလုံးအတွက် တန်းတူညီမျှမှု၊ တရားမျှတမှု နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အာမခံသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များ တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့် ချင်းညီနောင်၏ အနာဂတ်မျှော်မှန်းချက်များ ပြည့်ဝစေရန်အတွက် ဆုမွန်ကောင်းတောင်းပေးခြင်း ၊ ရန်ပုံငွေ ထောက်ပံ့ခြင်းနှင့် တခြား တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီပံပိုးခြင်းဖြင့် အားဖြည့်ပေးကြပါရန် ချင်းညီနောင်က တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ ယနေ့အထိ အဘက်ဘက်မှ ထောက်ပံ့ ကူညီလျက်ရှိသော ပြည်သူများနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ အပေါ်တွင် အထူးကျေးဇူးတင်ရှိပြီး ၊ အနာဂတ်တွင် ယခုထက်ပိုမိုခိုင်မာသော ဆက်ဆံရေးတည်ဆောက်ကာ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းသည်အထိ အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ချင်းညီနောင်သည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တွင် ပါဝင်ပြီး ချင်းပြည်နယ်အတွင်းရှိ တွန်းဇံမြို့ နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်၊ ကန်ပက်လက်မြို့ နယ်၊ မင်းတပ်မြို့ နယ်၊ မတူပီမြို့ နယ်၊ ကျင်ဒွေးမြို့နှင့် မရာနယ်မြေတို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

#TachileikNewsAgency

#TNA_LE

Photo: ကန်ပက်လက်မြို့ကို ထိန်းချုပ်ထားသည့် ချင်းညီနောင် တပ်ဖွဲ့ဝင်များ