လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ထိခိုက် 

လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ထိခိုက် 

 ကရင်ပြည်နယ်၊ ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့်  ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၁)ကျောင်း အနည်းငယ်ထိခိုက်မှုဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ခလရ(၂၆၄)တပ်ရင်းသည် ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့ နေလည်ပိုင်းက ၁၂၀ မမ လက်နက်ကြီးဖြင့် စုစုပေါင်း (၄)လုံး ပစ်ခတ်မှုကြောင့် မိုးခိုကျေးရွာအတွင်းနှင့် ဝမ်ချဲကျေးရွာတို့ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မိုးခိုကျေးရွာရှိ စာသင်ကျောင်း (၁) လုံးမှာ လက်နက်ကြီး ထိမှန်ပြီး အနည်းငယ်ပျက်စီးခဲ့ရကြောင်း KNU က ယနေ့ ဩဂုတ်လ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ(၁၉)ရက်နေ့က ညပိုင်းကလည်း စစ်ကောင်စီတပ်၏ ခလရ(၂၆၄)တပ်ရင်းက ၈၁ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်မှုကြောင့် ကျောင်းကုန်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည်  ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

Photo: KNU