ဂွမြို့ကို AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကြည်း ၊ ရေ ၊ လေဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ

ဂွမြို့ကို AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကြည်း ၊ ရေ ၊ လေဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ

ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးတွင်ရှိသည့် ဂွမြို့အား အာရက္ခတပ်တော် (AA)က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ်သို့ ကြည်း ၊ ရေ ၊ လေဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ဂွမြို့ရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ (၅၆၂) နှင့် ခမရ (၅၆၃)တပ်ရင်းတို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဂွ မြို့အား ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

“မြို့ဘက်ခြမ်းတော့ ရှင်းလင်းရေးလုပ်နေပြီ။ ဟိုဘက်ကမ်းမှာတော့ ခွေးရှိဦးမယ်။ မကျေးငူဘက်ကမ်း ။ မကျေးငူဘက်ကနေ တင့်ကားနဲ့ပစ်နေတာတွေရှိတယ်။ မကျေးငူ အောက်ဘက်က ရွှေရချိုင်မှာ ပြေးတဲ့အဖွဲ့နဲ့ ဖမ်းတဲ့အဖွဲ့တွေ ညက အချင်းချင်းပစ်ကြတယ် ခွေးဘက်က။”ဟု ရှေ့တန်းစစ်သတင်းရင်းမြစ်က Tachileik News Agency ကို ပြောသည်။

AAက ဂွမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီဘက်မှ ကြည်း၊ ရေ ၊ လေဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

“ဂျက် ၊ နေဗီ ၊ ဟက်စကီး ၊ Y-12 ၊ Y-8 အစုံပဲ။ တခါတလေ တပြိုင်နက် ၊ တခါတလေ တလှည့်စီ”ဟု ၎င်းက ဆက်ပြောသည်။

ဂွမြို့အား ထိန်းချုပ်ပြီးနောက် စစ်ကောင်စီမှ စစ်ကူစေလွှတ်ထားသည့် တပ်အစုံမှ စစ်သားများကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ပြီးနောက် ဧရာဝတီတိုင်းအတွင်းသို့ တဆင့်ခြင်း ဆုတ်ခွာထွက်ပြေးလျှက်ရှိပြီး ၊ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည့် တပ်ရင်း ၊ တပ်မများနှင့် အမိန့်ပေးညွှန်ကြားသူများအား မှတ်တမ်းတင်အရေးယူသွားမည်ဖြစ်ကြောင်း AAက ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဂွမြို့အပါအ၀င် ရက္ခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၇)မြို့နယ်တွင် (၁၄)မြို့အား အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားပြီး ၊ ဂွမြို့သိမ်းပိုက်နိုင်ခြင်းနှင့် ပက်သက်ပြီး AA က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါ။

#TachileikNewsAgency

#TNA_LE

Photo: စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)